ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းဒေသခံ ၄ ဦးကို လုံခြုံရေးတင်းကျပ်စွာဖြင့်တရားရုံးထုတ်၊ နောက်ထပ် ၄ ဦးကို ရုံးထုတ်ရာတွင်မပါလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ်တရားရုံးတွင် ၎င်းမြို့နယ်ထဲက ဖမ်းဆီးခံထားရသူ ၈ ဦးအထဲမှ ၄ ဦးကို လုံခြုံရေးတင်းကျပ်စွာဖြင့် ယနေ့ ရုံးထုတ် ရမာန်ယူခဲ့ပြီး ကျန်၄ ဦးမှာ ရုံးထုတ်ရာတွင် ပါဝင်လာမှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
ယနေ့ ရုံးထုတ်သူ ၄ ဦးမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ကိုမျိုးသွင်(၂၈)နှစ်နှင့် ဦးဘလှိုင်(၄၀)နှစ်၊ ပုဏ္ဏားကျွန်း မြို့နယ် ပေါက်တောပြင်ကျေးရွာမှ မောင်နိုင်မျိုးထွန်း (၁၈) နှစ်နှင့် မောင်မင်းအောင်နိုင် (၁၇) နှစ်တို့ ဖြစ်ကြသည်။
ရုံးထုတ်ရာတွင် ပါမလာသူ ၄ ဦးမှာ ဦးကျော်မင်း (၆၁) နှစ်၊ ဦးဝင်းမောင်သန်း (၄၀)နှစ်၊ ဦးထွန်းလှိုင် (ခ) ပရဟိတ (၅၅) နှစ်နှင့် ကိုမြတ်သူရထွန်း (၂၉) နှစ်တို့ဖြစ်ကြသည်။
ယနေ့ရုံးထုတ်ရာ၌ ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် စစ်တပ်နှင့်ရဲ လုံခြုံရေး အင်အား တင်းကျပ်စွာ ချထားပြီး ရုံးထုတ်ခဲ့ခြင်းဖြစ်ကာ မိသားစုနှင့် တွေ့ဆုံခွင့် မပေးခဲ့ကြောင်း ၎င်းတို့၏ မိသားစုဝင်တစ်ဦးကပြောသည်
" တရားခွင်အတွင်းကို မိသားစုတွေကို ဝင်ခွင့်လည်းမရှိဘူး၊ တက်ပိုင်ခွင့်လည်း မရှိဘူး။ အပြင်ကတောင် သေချာ ကြည့်ဖို့မရခဲ့ဘူး။ လုံခြုံရေးအထပ်ထပ်နဲ့ တင်းကျပ်တယ်။ ကားပေါ်က ဆင်းတာနဲ့ အတက်တစ်ခုကိုပဲ အဝေးက မြင်လိုက်ရတယ်။ အနားကိုလည်း ကပ်ပိုင်ခွင့်မရှိဘူး။ သြဂုတ်လ ၁၂ ရက်နေ့ စစ်တွေကို ရုံးချိန်းမယ်လို့ အပြင်ကကြားခဲ့တယ်။ နယ်မြေမလုံခြုံလို့ စစ်တွေကို အမှုကို ပြောင်းရွေ့ယူတယ်လို့ ကြားခဲ့ရတယ်" ဟုပြောသည်။
၎င်းတို့ လေးဦးအား လက်ရှိတွင် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် သြဂုတ်လ ၁၂ ရက် ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံးသို့ ပြောင်းရွေ့ရုံးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ထပ် ကျန်ရှိနေသည့် ဦးကျော်မင်း၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်နှင့် ကိုမြတ်သူရထွန်းတို့မှာ ယနေ့ ရုံးထုတ်ရာတွင် ပါဝင်လာမှုမရှိသဖြင့် စိုးရိမ်စရာ ဖြစ်နေသည်ဟု ဆိုသည်။
၎င်းတို့ ရှစ်ဦးစလုံးကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီး ကြည်လှိုင်ကတရားလိုလုပ်ကာ နိုင်ငံတော် ဆူပူ လှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှုပုဒ်မ ၃၃၄/၁၄၄ တို့ဖြင့် လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ကောင်စီနှင့် ရင်းနှီးသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) က ဗိုလ်ကြီးအဆင့် ရှိသူ တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့မှ အရပ်သားအများအပြားကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲက တချို့ကိုပြန်လွှတ်ပေးကာ တချို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။ (NN-8)
( ဓာတ်ပုံ- ယခင်ဓာတ်ပုံဟောင်းဖြစ်ပါသည်။)

ဆက်စပ် သတင်းများ