ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေနှင့်အမ်းအကြား ကားလမ်းပေါ်တွင် စစ်တပ်ဂိတ် ၁၀ ကျော် တိုးချဲ့ဖွင့်လှစ်ပြီးတင်းကျပ်စွာစစ်ဆေးနေ၍ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရေးကြန့်ကြာမှုဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2k


နိရ ဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၂
ရခိုင်ပြည်နယ်မြို့တော်စစ်တွေနှင့် ပြည်နယ်အဝင် အမ်းမြို့အကြား အဝေးပြေးကားလမ်းပေါ်တွင် စစ်ကောင်စီမှ စစ်တပ်စစ်ဆေးရေးဂိတ် ၁၀ ကျော် အထိ တိုးချဖွင့်လှစ်ထားပြီး ကားများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့တွင် အချိန် ကြန့်ကြာမှု များဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
လက်ရှိ စစ်ဆေးရေးဂိတ်များမှာ အမ်းမြို့နယ်မှ ပဲပဒုံစစ်ဆေးရေးဂိတ်၊ ကံမြင့်ကံ စစ်ဆေးရေးဂိတ်၊ ကဇူးကိုင်းစစ်ဆေးရေးဂိတ်၊ ယိုးချောင်း တံတား စစ်ဆေးရေးဂိတ်၊ ရွာသာယာစစ်ဆေးရေးဂိတ် တစ်မိုင်ကုန်း စစ်ဆေး ရေးဂိတ်နှင့် မင်းပြားမြို့ရာမောင်တံတားပေါ်ရှိ အဝင်ဂိတ်နှင့် အထွက် စစ်ဆေးရေးဂိတ်၊ မြောက်ဦး ၅၄၀ တပ်ရင်းမှ စစ်ဆေးရေးဂိတ်နှင့် စစ်တွေမြို့နယ် ကျောက်တန်း စစ်ဆေးရေးဂိတ် အစရှိသည်တို့ဖြစ်ကြပြီး ရံဖန်ရံခါ စစ်ဆေးသည့် ဂိတ်များနှင့်ဆိုလျှင် စစ်ဆေးရေးဂိတ် ၁၅ ခုခန့် အထိရှိကြောင်း ကားသမားများကပြောသည်။
ယခုကဲ့သို့ စစ်ဆေးရေးဂိတ်များတိုးချဲ့ကာ စစ်ဆေးမှုများပြုလုပ်နေသဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေသည့် အပြင် ခရီးသွားပြည်သူများ အနေဖြင့်လည်း စိတ်အနှောင့်အယှက် ဖြစ်နေကြသည်ဟု ခရီးသွားများနှင့် ကားသမားတို့က ပြောကြားသည်။
" ခရီးသည်တွေကိုဆိုရင် မှတ်ပုံတင်တွေစစ်တယ်၊ ကားပေါ်တွေကို တက်ပြီးစစ်တယ်။ ကားဘောက်စ် တွေလည်း ဖွင့်ပေးရတယ်။ သူတို့မသင်္ကာတဲ့ ပစ္စည်းအထုတ်တွေကိုဆိုရင်လည်း ဓားနဲ့ဖောက်ပြီး စစ်သေးတယ်။ ကားတစ်စီးနဲ့ တစ်စီးဂိတ်စထွက်တဲ့အချိန်တူပြီး စစ်ဆေးရေးဂိတ်မှာ အစစ် ခံရတာ တဆင့်တည်းကျသွားရင်တော့ ကားတွေများသွားလို့ စောင့်ရတာ ရှိတယ်။ ဒါပေမယ့် ခရီးသည် ကားတွေဆိုရင်တော့ အမြန်လုပ်ပေးတာတော့ ရှိတယ်။ ကုန်ကားတွေကိုဆိုရင်တော့ ကြာတယ်" ဟုပြောသည်။
အဆိုပါစစ်ရေးဂိတ်များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုးချဲ့ ထားသောစစ်ဆေးရေး ဂိတ်များလည်းပါဝင်ကာ လက်ရှိတွင် စစ်ရေးတင်းမာနေသဖြင့် စစ်ဆေးရေးများပိုမို တင်းကျပ်လာကြောင်း ကားသမားများကပြောသည်။
ရန်ကုန်မှစစ်တွေသို့ ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကုန်ကားများ အစစ်ခံရရာတွင်လည်း မျှောစာများတောင်းကာ အချို့စက်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းအချို့ကိုဆိုလျှင် ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ်ပါမှသာ သယ်ယူခွင့်ပြုကြောင်း သိရသည်။
" ကုန်ကားတွေကိုတော့ မျှောစာတွေတောင်းတယ်။ မျှောစာတွေ၊ စာရွက် စာတမ်းတွေကိုလည်း စစ်သေးတော့ ကုန်ကားတွေကတော့ စောင့်ရတယ်။ Express ခရီးသည်တင် ကားတွေကို ဆိုရင်တော့ သူတို့ ဦးစားပေးတယ်။ အစစ်အဆေးတွေများတော့ အရင်တုန်းကလို ခရီးသွားရ၊ ကုန်သယ်ရတာက မမြန်ဘူး။ နှစ်ရက်၊ သုံးရက်လောက်ကြာသွားတာတွေလည်း ရှိတယ်" ကုန်ကားသမားတစ်ဦးက ဟုပြောသည်။
ထိုသို့စစ်ဆေးရာတွင် အခြားစစ်ဆေးရေးဂိတ်များထက် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ပိုမိုတင်းကျပ်စွာစိစိစစ်စစ် စစ်ဆေးရေးများ ပြုလုပ်ကာ ကုန်ကားသမားများထံမှ ဂိတ်ကြေးခ ပိုမိုတောင်းခံခြင်းများလည်း ပြုလုပ်သည်ဟု ဆိုသည်။
“သူတို့ တောင်းတဲ့အတိုင်း မပေးလို့ကတော့ အချိန်အကြာကြီးရစ်နေတယ်။ သွားခွင့် မပေးဘူး။ အချို့ဆိုရင် အထာမသိလို့ သူတို့တောင်းတောကို ပေးဆောင်ခြင်းမရှိရင် ကားကို အချိန်ကြာပြီး စစ်ဆေးပေးမှုမလုပ်ဘဲ စောင့်ခိုင်းထားတယ်။ ဒီလမ်းကို သွားနေကျ ကားသမားတွေက အထာသိနေတော့ ပိုတောင်းရင်လည်း ပေးလိုက်ကြတာဘဲ။ လမ်းခရီး အဆင်ပြေဖို့ လိုတာကို” ဟု ကားသမားတစ်ဦးက ပြောသည်။
၎င်းပြင် တစ်ခါတလေ ဘီယာ၊ အရင်၊ ဆေးလိပ်၊ ကွမ်းယာများလည်း တောင်းခံမှုများ ရှိသည်ဟု ဆိုသည်။
အဆိုပါစစ်ဆေးရေးဂိတ်များတွင် ကုန်ကားများကို နံနက် ၉ နာရီမှ စတင် စစ်ဆေးကာ နေ့လယ် ၁၂ နာရီခန့်တွင် တစ်ကြိမ်နားကာ ထပ်မံ၍ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီ အထိ တစ်ကြိမ် စစ်ဆေးသည်ဟု သိရသည်။ ကုန်ကားများကို စစ်ဆေးရာတွင် တစ်နေ့လုံး ကုန်ကား ဆယ်စီးခန့်သာ စစ်ဆေးသဖြင့် ကုန်ကားများမှာ အချိန်ကြာကြီး စောင့်ဆိုင်းနေရသည်ဟု ကုန်ကား မောင်းသူတို့က ပြောသည်။
"တစ်ရက်မှာ ဆယ်စီးလောက်ပဲစစ်တာ ကုန်ကားတွေကိုဆိုရင်။ ကားတွေက တန်းစီပြီးတော့ အခက်အခဲဖြစ်ရတယ်။ သူတို့စစ်ချင်တာတွေဆိုရင် ကားပေါ်ကပစ္စည်းတွေအားလုံးကို အောက်ချခိုင်းပြီးတော့ အောက်ထဲ အထိစစ်တာ၊ တခါတလေအဲလိုမျိုးစစ်တဲ့အချိန် မိုးရွာနေရင် ပစ္စည်းတွေ စိုသွားတော့ ပျက်စီးသွားတာတွေဆို ကျနော်တို့ ကားပိုင်ရှင်တွေကဘဲ စိုက်လျော်ပေးရတယ်" ဟုပြောသည်။
ယခုနှစ်အတွင်း အများဆုံးသွားလာသည့် ခရီးသည်များမှာ ရခိုင်မှ ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွာသူများဖြစ်ပြီး စစ်တွေ- ရန်ကုန်ခရီးစဉ်တွင် အလိုက်ပါဆုံး ခရီးသည်များဖြစ်သည်ဟု ကားသမားများကပြောသည်။
လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား နှစ်ဘက်စစ်ရေး တင်းမာလျက် ရှိနေပြီး စစ်ကောင်စီဘက်က ပြည်သူများ ခရီးသွားလာခြင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစဉ်များကို အကန့်အသတ်များပြုလုပ်ကာ စစ်ဆေးရေး တင်းကျပ်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ကိုလည်း ဆန်၊ ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်းများသယ်ယူမှုကို နယ်လုံဝန်ကြီးလက်မှတ်ပါမှသာ သယ်ဆောင်ခွင့်ပေးကြောင်း ကုန်သည်များထံမှ သိရသည်။
(NN-8)
(ဓာတ်ပုံ- ရခိုင်က စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးနေသည်ကို တွေ့ရစဉ်/ မူလ ဓာတ်ပုံပိုင်ရှင်များကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ