ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မှ စစ်ဘေးရှောင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၁ဝကျော်ကြာအဆက်အသွယ်မရ၍မိသားစုများအလွန်စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဥ္စရာ၊ ဇူလိုင် ၃ဝ/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ရက်ပေါင်း ၁ဝ ကျော်ကြာသည့်တိုင်အဆက်အသွယ်မရ၍ မိသားစုများ အလွန်တရာစိုးရိမ်နေသည်ဟု သိရသည်။
ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရသူမှာ ဦးကျော်ဟိန်း (၃၉ နှစ်)ဖြစ်သည်။
သူသည် ဇူလိုင် ၁၉ ရက် ညက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယနေ့ ဇူလိုင်လ ၃ဝ ရက်အထိ အဆက်အသွယ်မရသေးဟု မိသားစုများက ပြောသည်။
ဇနီးဖြစ်သူ မအေးသန်းက "အဆက်အသွယ်က လုံးဝမရဘူး။ ဘယ်နေရာ/ဘယ်ကိုရောက်နေမှန်း မသိရဘူး ကျမလည်း။ ဘယ်လိုမှ သတင်းအစအနမရဘူး။ သူ့ကိုဖမ်းသွားတုန်းကမြင်လိုက်သူရှိတယ်။ ဆိုင်ကယ်ကိုရပ်ဆိုပြီးရပ်ခိုင်းလို့ ရပ်တော့ ဖမ်းယူသွားတယ်လို့ပြောတယ်။ စစ်တပ်က ဖမ်းသွားတာက သေချာပါပြီ။ အခုက တပ်မှာဟုတ်လား၊ မဟုတ်လား အတိအကျလည်း မသိရဘူး"ဟု ပြောသည်။
ဦးကျော်ဟိန်းသည် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ အရပ်ဆေးဆရာတစ်ဦးဖြစ်ပြီး ယင်းနေ့ည ၉ နာရီကျော်ခန့်တွင် ကျောက်တော် ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုသပေးရန်သွားရောက်စဉ် စစ်တပ်၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ဇနီးဖြစ်သူအနေနှင့် ဥပဒေကြောင်းအရ ဖြစ်စေချင်ပြီး သတင်းအတိအကျမသိရသောကြောင့် ခင်ပွန်းဖြစ်သူအတွက် အလွန်တရာ စိုးရိမ်နေရကြောင်း ဆက်ပြောသည်။
"ဖမ်းသွားတယ်ဆိုရင်လည်း ကျမအနေနဲ့က ဥပဒေအတိုင်းဖြစ်စေချင်တယ်။ ဥပမာထောင်ကျမယ်ဆိုလည်း ထောင်ကျမယ်ပေါ့လေ။ ဥပဒေအတိုင်း သိချင်ပါတယ်။ အခုက သတင်းလည်းမကြားရဆိုတော့ စိတ်ပူတယ်။ ကျမအမျိုးသား ထမင်းရော စားရလား။ ဒါမှမဟုတ် ကြိုးတုပ်ပြီး ရိုက်နှက်တာတွေ၊ သတ်ပုတ်တာတွေများရှိနေမလား။ ဒါတွေစိုးရိမ်ပါတယ်"ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်မေးမြန်ရန် နိရဥ္စရာက ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
ဦးကျော်ဟိန်းတွင် ဇနီးနှင့်အတူ သားသမီး ၄ ဦးရှိသည်ဟု သိရသည်။
ဇနီးဖြစ်သူ မအေးသန်းမှာ ကျန်းမာရေးမကောင်းသည့်အပြင် စစ်ဘေးရှောင်နေရသူဖြစ်ပြီး လက်ရှိတွင် အိမ်ထောင်ဦးစီးမရှိသောကြောင့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သူမက ဆက်ပြောသည်။
"သားသမီးကျောင်းရေးကန်ရေးက တစ်ကိစ္စ၊ မကျန်းရေးမမာရေးက တစ်ကိစ္စ၊ မုန့်ပဲသရေစာကအစ ကျမအမျိုးသားကပဲလုပ်ပေးနေတာ။ ကျမကလည်း မကြာမကြာနေမကောင်းဖြစ်တယ်။ အမျိုးသားရှိတော့ ဆေးဖိုးလောက်ပဲကုန်တယ်။ ကုခက ပူစရာမလိုဘူး။ အခက်အခဲက ငွေရေးကြေးရေးအခက်အခဲရှိပါတယ်။ အမျိုးသားမရှိတော့ စိတ်ဓာတ်တွေ ကျတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့နယ်တို့တွင် အရပ်သားများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများမှာ ယခုလပိုင်းအတွင်း ဆက်တိုက်ရှိနေပြီး ပြန်မလွတ်ဘဲကျန်ရှိသေးသူများလည်း ရှိနေသေးသည်။
လက်ရှိမှာ မြန်မာစစ်တပ်က စစ်ရေးအင်အားတိုးချဲ့မှုများကို ဆက်တိုက် လုပ်ဆောင်နေသလို AA နှင့်ဆက်စပ်သံသယရှိသူများကို ဖမ်းဆီးခြင်းအပြင် ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်ကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများလည်း ရှိနေသည်ဟု သိရသည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ