နိရဥ္စရာ၊ဇူလိုင် ၃၀ /၂၀၂၂
ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် မိသားစုအကျပ်အတည်းနှင့်အလုပ်ကိုင် အခက်အခဲများကြောင့် မိမိကိုယ်ကိုဓားဖြင့်ထိုးကာ သေကြောင်းကြံစည်ခဲ့သည်ဟုသိ၇သည်။
သေကြောင်းကြံသူမှာကျောက်တော်မြို့ နေပူခံစစ်ဘေးရှောင်စခန်းမှ သားသမီး ၃ဦးဖခင် ဦးမောင်ဖြူလှ(၅၃ နှစ်)ဖြစ်သည်။
သူသည်ယနေ့ ဇူလိုင်လ ၃၀ ရက် နေ့လယ် ၁ နာရီခန့်တွင် သူနေထိုင်ရာ စစ်ဘေးရှောင် စခန်းတန်းလျားရှိ သူ၏အခန်းတွင်မိသားစုဝင်များမရှိချိန် အရိုးအသွား ၈ လက်မခန့်ရှိ ဓားဖြင့် ဝမ်းဗိုက်ကိုထိုးသွင်းကာသေကြောင်းကြံခဲ့ခြင်းဖြစ်သည်ဟု စခန်းနေသူများက နိရဥ္စရာကို ပြောသည်။
စခန်းနေသူတစ်ဦးက“သူ့အမျိုးသမီးလည်းမျှစ်သွားချိုးချိန်း၊ သားသမီးတွေလည်း ကျောင်းသွားနေချိန် တစ်ယောက်မှမရှိတဲ့အချိန်မှာ အခုလို ကိုယ့်ကိုကိုယ်ဓားနဲ့ထိုးပြီး သေကြောင်းကြံတာပါ”ဟု ပြောသည်။
ဦးမောင်ဖြူလှတွင်၄ လက်မခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်ရခဲ့ပြီးနောက် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိ၇သည်။
သူသည်အလုပ်အကိုင်မရှိဘဲ စိတ်အားငယ်မှုကြောင့် ယခုကဲ့သို့ အဆုံးစီရင်ခြင်းဖြစ်သည်ဟုနေပူခံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်အေးစောက ပြောသည်။
“ကိုယ့်ဟာကိုထိုးတာ။ သေတော့ မသေဘူး။ အခုဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့လုပ်နေကြတယ်”ဟု ပြောသည်။
ဓာတ်မှန်အဖြေအပေါ်မူတည်ပြီးအသက်အန္တရာယ် စိုးရိမ်ရမှုရှိ/မရှိကို သိနိုင်မည်ဟုလည်း ကူညီပေးနေသူများက ပြောသည်။
ဦးမောင်ဖြူလှတွင်ဇနီးနှင့်အတူ မူလတန်းနှင့် အလယ်တန်းတက်နေသည့်သားသမီး ၃ ဦးရှိပြီး ဇနီးဖြစ်သူကရှာဖွေလုပ်ကိုင်ကျွေးမွေးနေရသည်ဟု သိ၇သည်။
သူတို့မိသားစုသည်ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာမှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊မတ်လအတွင်း ကျေးရွာအနီးတိုက်ပွဲများပြင်းထန်ခဲ့ချိန်တွင် ကျောက်တော်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူများဖြစ်သည်ဟုသိ၇သည်။