စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ANP ပါတီခေါင်းဆောင်ပိုင်းများကို အပြောင်းအလဲလုပ်နိုင်ရေး ပါတီအရေးပေါ်ညီလာခံကျင်းပရန်ပြင်ဆင်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ ဇူလိုင် ၃၀/၂၀၂၂
ရခိုင်အမျိုးသားပါတီ(ANP)ခေါင်းဆောင်ပိုင်းများကို အပြောင်းအလဲလုပ်ရန်နှင့် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်အတွက် ပါတီအပေါ်ညီလာခံကျင်းပရန်ပြင်ဆင်နေသည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက နိရဥ္စရာကိုပြောသည်။
"တချို့ပါတီဝင်တွေဆိုလည်း အခြေနေအကြောင်းအမျိုးမျိုးကြောင့် ပါတီနဲ့ ကင်းကွာလာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိလာတဲ့အခြေအနေတွေရှိတယ်။ ဒါကြောင့် ပါတီအနေနဲ့လည်း ခေါင်းဆောင်ပိုင်းတွေ လိုအပ်ရင် အပြောင်းအလဲလုပ်ဖို့ လိုကောင်းလိုအပ်တယ်လို့ ယူဆတယ်။ ဒါကြောင့် အရေးပေါ်ညီလာခံတစ်ရပ်ကျင်းပဖို့လိုအပ်တယ်လို့ ဗဟိုကော်မတီက သုံးသပ်လို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်တယ်"ဟု ပြောသည်။
ယင်းသို့ကျင်းပနိုင်ရန် ပြီးခဲ့သည့်မေလအတွင်းပြုလုပ်ခဲ့သည့် ပါတီဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်အရ အရေးပေါ်ညီလာခံကျင်းပရန် အရေးပေါ်ညီလာခံပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းကာ ယခုကဲ့သို့ ပြင်ဆင်နေခြင်းဖြစ်သည်။
သို့ရာတွင် ပြင်ဆင်နေဆဲကာလဖြစ်သည့်အတွက် ညီလာခံကျင်းပမည့်အချိန်အတိအကျကို မသိရသေးဘဲ လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ်မူတည်ကြောင်း ဦးသာထွန်းလှက နိရဥ္စရာကို ဆက်ပြောသည်။
"အခု ပြင်ဆင်ရေးကော်မတီက အလုပ်လုပ်နေကြပါတယ်။ လောလောဆယ် ဘယ်အချိန်ဆိုတာ အကန့်အသတ်ကအတိအကျပြောလို့မရသေးဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေကြတဲ့ အခြေနေအပေါ်မှာလည်း မူတည်တယ်"ဟု ပြောသည်။
ANP ပါတီတွင် ပါတီဗဟိုကော်မတီဝင် ၈ဝ ကျော်အနက် ပါတီနှင့်ကင်းကွာနေသူများ၊ သေဆုံး သွားသူများနှင့် အခြားပါတီသို့ ပြောင်းသွားသူ စုစုပေါင်း ၂ဝ ဦးခန့်ရှိကြောင်း သိရသည်။
ယင်းအနက် ANP ပါတီမှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်သည် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်လာခဲ့သည့်ကိစ္စနှင့် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ULA/AA ကိုယ်စားပြုပြီး တက်ရောက်ခဲ့သည့် ကိစ္စများသည် ရခိုင်အမျိုးသားပါတီ(ANP)အတွက် လက်ငင်းဖြေရှင်းရန်လိုအပ်နေသော ကိစ္စရပ်များဖြစ်နေပြီး လူထုအား ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်လျက်ရှိနေသည်ဟု ရခိုင်နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP)၏ ပထမအကြိမ်ပါတီညီလာခံကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက သံတွဲမြို့နယ် ငပလီမြို့၌ ပြုလုပ်ခဲ့သည်။
ဒုတိယအကြိမ် ပါတီညီလာခံကို စစ်တွေမြို့ အာရီယန်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်က ကျင်းပ ခဲ့ကြောင်း သိရသည်။
ရခိုင်တွင် နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) သုံးပါတီအနက် ANP ပါတီသည် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်နေရာ အများဆုံး အနိုင်ရသည့်ပါတီဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ