Preview

လျှပ်စစ်မီးပြတ်တောက်မှု ယခင်ထက်ပိုများလာ၍ ပြည်သူများအခက်အခဲ ပိုဖြစ်လာနေ

ဇူလိုင် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :6930
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇူလိုင် ၃၀/၂၀၂၂
ယခုသီတင်းပတ်တွင် နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုများလာ၍ ပြည်သူများအခက်အခဲ ပိုမိုဖြစ်လာနေကြောင်း သိ၇သည်။
ရခိုင်ပြည်နယ်တွင်ဆိုလျှင် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြတ်တောက်မှုရှိနေကာ တစ်ကြိမ်ပြတ်လျှင် ၃ နာရီ၊ ၄ နာရီခန့်ကြာမြင့်လျက်ရှိကြောင်း လျှပ်စစ်မီးသုံးစွဲသည့် ဒေသခံများပြည်သူများက ပြောသည်။
အဆိုပါလျှပ်စစ်မီးပြတ်တောက်မှုသည် ယခုရက်ပိုင်းအတွင်းတွင် ပိုမိုများပြားလာကာ ဒေသခံများမှာ မီးပုံမှန်မရ၍ အခက်အခဲပေါင်းများစွာကို ခံစားနေကာ လျှပ်စစ်မီးပုံမှန်ရစေချင်လိုကြောင်း မင်းပြားမြို့ဒေသခံ ကိုစိုးနိုင်က နိရ ဉ္စရာသို့ပြောသည်။
"ဒီတစ်ပတ်အတွင်း မီးအခြေအနေတွေက ပိုပြီးတော့ ဆိုးရွားလာပါတယ်။ အနည်းဆုံးကတော့ နှစ်ကြိမ်လောက်ပျက်တယ်။ တခါပျက်ရင် လေး၊ ငါးနာရီလောက်ကြာပါတယ်။ ထမင်းချက်တဲ့မိန်းမတွေမှာဆိုရင်လည်း အခက်အခဲတွေရှိတယ်။ ကိုယ်ရင်လေးတွေဆိုရင် ဆွမ်းတောင်မရဘူးဖြစ်နေပြီ။ မီးရမလားစောင့်ရင်းနဲ့ ကိုယ်ရင်လေးတွေ ဆွမ်းတောင်မရတော့ဘူး။ မီးနဲ့လုပ်နေရတဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာဆိုရင်လည်း အချိန်ကြန့်ကြာတယ်။ လုပ်ငန်းတွေပါ၊ စားရေးသောက်ရေးတွေပါ အခက်အခဲဖြစ်နေကြပါတယ်" ဟုပြောသည်။
ယခင်ကဆိုလျှင် လျှပ်စစ်မီးပြတ်တောက်မည့်အချိန်နှင့်ကြာမြင့်ချိန်ကို ရပ်ကွက်အလိုက်စာရင်းများထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိတွင် အဆိုပါစာရင်းများအတိုင်း လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိဘဲ လျှပ်စစ်မီးအသုံးပြုများသည့်အချိန်များတွင် ပြတ်တောက်နေခြင်းကြောင့် ပိုမိုအခက်အခဲဖြစ်လာနေ၇ကြောင်း လျှပ်စစ်မီးသုံးစွဲနေသူများက ပြောဆိုကြသည်။
ထို့အပြင် တက္ကသိုလ်ကျောင်းသားများအနေဖြင့်လည်း ဒုတိယနှစ်စာမေးပွဲဖြေဆိုရန်အချိန် နီးကပ်လာသည့်အချိန်တွင် စာကျက်မှတ်လေ့လာရမည့်အချိန်များ၌ ယခုကဲ့သို့မီးပြတ်တောက်နေမှုများကြောင့် စာလေ့လာရာတွင် လွန်စွာအခက်အခဲဖြစ်နေ၇ကြောင်း စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။
"စာကျက်ဖို့က အဆင်မပြေဘူး။ စာမေးပွဲကလည်း တအားနီးနေပြီလေ။
စာမေးပွဲစစ်တဲ့နေ့မှာဆိုရင် ဒီလိုညနေပိုင်းတွေ မီးပြတ်မယ်ဆိုရင်တော့ လုံး၀အဆင်မပြေနိုင်ဘူး။ ဖယောင်းတိုင်မီးနဲ့ကျက်ရတာလည်း အဆင်မပြေဘူး။ တစ်ရက်မှာက နှစ်ကြိမ်သုံးကြိမ်လောက်ကို ပြတ်နေတာ။ ညနေ ၅ နာရီလောက်ကစပြတ်တယ်ဆိုရင် ညဉ့် ကိုးနာရီ၊ ဆယ်နာရီလောက်မှ မီးပြန်လာတော့ ဘယ်လိုမှအဆင်မပြေဘူး" ဟုပြောသည်။
ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်မှုလုပ်ငန်းအချို့နှင့် အခြားလုပ်ငန်းအချို့တို့တွင် မီးစက်ကို နာရီနှင့်ချီ အားထားအသုံးပြုနေရပြီး စက်သုံးဆီဈေးများလည်း မြင့်တက်နေမှုကြောင့် ငွေကုန်ကြေးကျပိုဖြစ်နေရသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"မီးက တစ်နေ့လုံးနီးပါး လိုလိုပြတ်နေတာကများတယ်။ အဲလိုဆိုတော့ မီးမလာရင်အလုပ်ကိုပစ်ထားလို့ကလည်း အဆင်မပြေဘူးလေ။ မီးစက်နိုးပြီးအလုပ်တွေဆက်လုပ်၇တယ်။ ဆီဈေးတွေကလည်း တက်နေတော့ ငွေကုန်ကြေးကျပိုများနေတယ်" ဟုပြောသည်။
ကုန်ဈေးနှုန်းများနှင့် စက်သုံးဆီဈေးများ အဆမတန်မြင့်တက်နေချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်သုံးဆီများဝယ်ယူသုံးစွဲနေရသည့်အတွက်လည်း ငွေကုန်ကြေးကျပိုများကာ ကျပ်တည်းမှုများ ပိုဖြစ်လာနေ၇ကြောင်း ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၆ ရက်က ထုတ်ပြန်ထားချက်တွင် ဇူလိုင်လ ၂၁ ရက်မှစတင်ကာ မဟာဓာတ်အားလိုင်း (၂)လိုင်းနှင့် ဇောတိကဓာတ်ငွေ့ပိုက်လိုင်းတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် နိုင်ငံတဝန်း ဓာတ်အားပြတ်တောက်လျက်ရှိပြီး အမြန်ဆုံးဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လျှပ်စစ်ဌာနအား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656
တွစ်တာ - https://twitter.com/NarinjaraN

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.