တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်ရှိ စစ်ဘေးရှောင် TA ဆရာ၊ ဆရာမ ၉ ဦး လစာ ၂ လစာ မရသည့်အပြင် အလုပ်ပါရပ်နားခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 362

နိရဥ္စရာ၊ ဩဂုတ် ၂/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့် စစ်ဘေးရှောင် TA ဆရာ၊ ဆရာမ ၉ ဦးသည် လစာ ၂ လစာမရသည့်အပြင် အလုပ်ပါရပ်နားခံရသည်ဟု ကာယကံရှင်များက ပြောသည်။
လစာ ၂ လစာမရသည့်အပြင် အလုပ်ပါရပ်နားခံရသည့် TA ဆရာ၊ ဆရာမ ၉ ဦးမှာ ဦးအောင်မြင့်စိုး၊ ဦးအောင်သန်း၊ ဒေါ်ညိုညိုသိန်း၊ ဒေါ်အေးနွယ်စော၊ ဒေါ်ခိုင်ခိုင်ဝေ၊ ဒေါ်မအေးစိုး၊ ဒေါ်မအေးကျော့၊ ဦးကျော်နိုင်ထွန်းနှင့် ဒေါ်ခိုင်နုအေးတို့ဖြစ်သည်။
သူတို့သည် ကျောက်တော်မြို့ရှိ နေပူခံကယ်ဆယ်ရေးစခန်း၊ သိမ်ပြင်ကယ်ဆယ်ရေးစခန်း၊ ကဝိရတနာကယ်ဆယ်ရေးစခန်းနှင့် ရထားဘူတာကယ်ဆယ်ရေးစခန်းစသည့်စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့် စစ်ဘေးရှောင်ဆရာ၊ ဆရာမများဖြစ်ကြသည်ဟု သိရသည်။
သူတို့သည် ကျောက်တော်မြို့နယ်ပညာရေးမှူး၏တာဝန်ပေးအပ်ခြင်းခံထားရသည့် မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျောင်းအချို့တို့တွင် ယခုနှစ် ကျောင်းစဖွင့်သည့် ဇွန်လမှစတင်ကာ မပျက်မကွက်စာသင်ပြခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင် ၄င်းတို့သည် ရွာမရှိ၊ ကျောင်းမရှိဘဲ အခြားကျောင်းများတွင် တွဲ၍သင်နေရသည်ဟုဆိုကာ ဇွန်လနှင့် ဇူလိုင်လတို့အတွက် တစ်လလျှင် လစာငွေ ကျပ် ၁ သိန်း ၃ သောင်းကို မရရှိသည့်အပြင် တာဝန်ဆက်လက်မထမ်းဆောင်ကြရန် မြို့နယ်ပညာရေးမှူးက ဇူလိုင်လ ၂၉ ရက်တွင် သူ၏ရုံးခန်းအတွင်း၌ ပြောဆိုခဲ့သည်ဟု ကာယကံရှင်တစ်ဦးဖြစ်သူ TA ဆရာမဒေါ်အေးနွယ်စောက နိရဥ္စရာကိုပြောသည်။
"ပြီးခဲ့တဲ့ ဇွန်လကလည်း လစာမရပါဘူး။ အဲဲ့ဒီတုန်းကတော့ TA ဆရာ/မတွေအကုန်လုံးမရတာဆိုတော့လေ။ ဇူလိုင်လလည်းရောက်တော့ လကုန်ခါနီးမှ ကျောင်းရပ်နားပါတယ်တဲ့။ လစာမပေးနိုင်ဘူးလို့ပြောပါတယ်။ ရွာမရှိလို့၊ ကျောင်းမရှိလို့ ရပ်နားပါတယ်လို့ ကျောက်တော်ပညာရေးမှူးရုံးက ကျွန်မတို့ကိုပြောခဲ့တာပါ" ဟုပြောသည်။
ထိုဆရာ၊ ဆရာများသည် ယခင်က ကျောက်တန်း အ.မ.က၊ ပြိုင်းတိုင်း အ.လ.က၊ ကွမ်းဇွဲ (မူလွန်)၊ တင်းမ အ.ထ.က(ခွဲ)၊ တင်းမသစ် အ.မ.က၊ မုန့်သန်းပြင် အ.မ.က၊ အထက်တင်းမ (မူလွန်)နှင့် ကျော်ရှီပြင် အ.မ.ကကျောင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ၄င်းတို့နေထိုင်သည့်မြို့နယ်များတွင် စစ်ဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ မိသားစုနှင့်အတူထွက်ပြေးကာ လက်ရှိအချိန်ထိ နေထိုင်နေရသူများဖြစ်သည်ဟု ဆိုကြသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်မှစတင်ကာ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများနှင့်နီးသော ညောင်ချောင်း(သရီ)ကျောင်း၊ ကျောက်တော် ရခိုင်ပိုက်သည်(မူလွန်)ကျောင်း၊ ကျောက်တော် အ. မ. က (၂) မြို့သစ်ကျောင်းနှင့် ကျောက်တော်ရှမ်းရွာ အ. ထ. က ကျောင်းတို့တွင် တွဲ၍သင်ကြားပြသပေးရန် မြို့နယ်ပညာရေးမှူးက တာဝန်ပေးအပ်ခဲ့သည့်အတွက် ယင်းအချိန်ကပင် မပျက်မကွက်တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟုလည်း ကာယကံရှင်များက ပြောသည်။
ကာယကံရှင်တစ်ဦးဖြစ်သူ TA ဆရာမ ဒေါ်မအေးကျော့ကလည်း "ကျွန်မတို့မှာ ဒီစစ်ဘေးကြောင့် ရှိသမျှပစ္စည်းဥစ္စာတွေလည်း မရှိတော့ဘူး။ ကျွန်မမှာ ဒီ TA က ရတဲ့လစာနဲ့ စားရမယ်ဆိုပြီးတော့ မျှော်မှန်းထားတာပါ။ အခုက လကုန်ခါနီးမှ လစာလည်းမရ။ ကျောင်းလည်း တက်စရာမလိုတော့ဘူးဆိုတော့ ကျွန်မ မျက်ရည်လည်း ကျမိပါတယ်။ ငိုလည်း ငိုမိပါတယ်" ဟုပြောသည်။
အမှန်တကယ် ခန့်အပ်တာဝန်ပေးအပ်ထားပြီးမှ အလုပ်ပါရပ်နားခံရခြင်းသည် ဒုက္ခသည် စစ်ဘေးရှောင်များကို မကူညီသည့်အပြင် ဤကဲ့သို့ ဖိနှိပ်၊ နှိမ့်ချခံရသည့်အတွက် ပညာရေးဌာနကိုစိတ်နာမိပြီး မည်သည့်အခါမှလည်း ပညာရေးဌာနသို့မဝင်တော့ဟု ဆုံးဖြတ်ချက်ချထားကြောင်း ကာယကံရှင်တစ်ဦးဖြစ်သူ TA ဆရာ ဦးအောင်မြင့်စိုးက နိရဥ္စရာကိုပြောသည်။
"ပြင်ပ ပုဂ္ဂလိကတောင်မှ ဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်မယ်ဆိုရင် နစ်နာကြေးပေးရပါတယ်။ အခုက ကျွန်တော်တို့မှာ နစ်နာကြေးတောင်မပြောနဲ့။ အလုပ်တောင်ရပ်ဆိုင်းခံရပါတယ်။ ကျွန်တော်တို့ဘက်က ဘာတစ်ခုမှလည်းပျက်ကွက်မှုမရှိဘဲ ဒီလိုမျိုးရပ်ဆိုင်းခွင့်ရှိလား။ ဒီလိုမျိုးလုပ်သင့်လား" ဟုလည်း မေးခွန်းထုတ်လိုက်သည်။
လက်ရှိတွင် ၄င်းတို့ကို မှီခိုနေရသည့်မိသားစုများပါ ဒုက္ခရောက်သွားသည့်အတွက် လစာများကိုလည်း ရလိုကာ တာဝန်လည်း ဆက်လက်ထမ်းဆောင်လိုသည်ဟု တောင်းဆိုနေကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်ပညာရေးမှူးကိုဆက်သွယ်မေးမြန်းရာ သူက "ကျောင်းမရှိလို့ စာပြလို့မရဘူး။ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှာလည်း မရဘူး။ တစ်နိုင်ငံလုံး မရဘူး။ နေ့စားတွေ လစာမရဘူး" ဟုပြောသည်။
ရခိုင်မှ TA ဆရာ၊ ဆရာမများအတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာစသည့် ၄ လစာအတွက်လစာကို သက်ဆိုင်ရာဝန်ကြီးဌာနက ချပေးထားပြီဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာကို မကြာသေးခင်က ပြောဆိုထားသည်။
ယင်းကြောင့် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား နိရဥ္စရာက ဆက်လက်မေးမြန်းရာ ယခုသတင်းတက်မလာသေး၍ မသိသေးဟု ဖြေကြားသည်။
“ဒီသတင်းမတက်လာတော့ ငါမသိသေးဘူး။ TA တချို့က ရွာမရှိလို့ အခုက သူတို့ကို ပြောင်းလို့လည်း မရဘူး။ သူတို့ကို စခန့်ကတည်းကနေ လမ်းညွန်ချက်မှာပါပြီးသား။ အဲ့ကြောင့် မရတာ။ ဇွန်လအပါအဝင် (၄)လစာထုတ်ပေးတဲ့ထဲမှာလည်း မပါဘူးနေမှာပေါ့”ဟု ပြောသည်။
TA ဆရာ၊ ဆရာမများသည် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေကို အဓိကထား သင်ကြားပေးနေရခြင်းဖြစ်ပြီး ကျောင်းအတွင်း ဆရာ၊ ဆရာမများ အတန်းမလာသည့်အချိန်များတွင်လည်း အစားထိုးဝင်ရောက်ပြသရမှုများလည်းရှိသည်ဟု သိရသည်။
၄င်းတို့ကို ယခင်နှစ်များက ကျောင်းဖွင့်သည့်ရက်များတွင် တစ်နေ့လျှင် ငွေ ၄၅၀၀ ကျပ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ တစ်လလျှင် ငွေကျပ် ၁ သိန်း ၃ သောင်းစီ ပေးအပ်ခဲ့သည်ဟု သိရသည်။
နေ့စားဆရာ၊ ဆရာမများဖြစ်သဖြင့် ကျောင်းပိတ်ထားသည့်လများတွင် လစာမရရှိခဲ့ကြဟုလည်း ဆိုကြသည်။
ရခိုင်တွင် TA ဆရာ၊ ဆရာမဦးရေ ၂ ထောင်ကျော်ရှိသည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ (NN-13)

ဆက်စပ် သတင်းများ