သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် မွေးဖွားသော ဆင်ထီးကလေးကို ဆင်ဖြူတော်အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ ဩဂုတ် ၃/၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ သစ်တောဌာန၏ ဆင်ဝိုင်းတစ်ခုတွင် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီ မိနစ် ၃၀ က မွေးဖွားသော ဆင်ထီးကလေးသည်ဆင်ဖြူတော် ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ဆင်ဖြူတော် တစ်စီးသည် ဆင်ဖြူတော်ကြန်အင်လက္ခဏာဖြစ်သော မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းတွင် ငှက်ပျောကိုင်းပုံစံဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါခြင်းနှင့် နားကြီးခြင်း စသည့် လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီကြောင်း၊ အချက် ရှစ်ချက်တွင် ခုနှစ်ချက်နှင့် ကိုက်ညီသဖြင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ (၈) ချက်မှာ မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်း သဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါး ပုံသဏ္ဍာန်၊ အရေပြားဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း ငါးခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခင်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော် ၉ စီး၌ ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူ ၁ စီးသာလျှင် ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန် ၈ စင်းသည် အများဆုံး ၆ ချက်သာ ကိုက်ညီကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။
ယခု ဆင်ဖြူတော်သည် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ ၁လက်မ၊ ကျောအလျား ၂ပေ၊ အမြီးအလျား ၁ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့်ရှိကြောင်း ၊ လက်ရှိတွင် မိခင်ဆင်မကြီးနှင့် အတူ ကျန်းမာပျော်ရွှင်စွာရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ