တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ် မအီရဲစခန်းမှ တပ်ကြပ် ၁ ဦးကို AA က ဖမ်းခေါ်သွား၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄ ဦးကို ယနေ့ စခန်းသို့ခေါ်ယူစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ ဩဂုတ် ၃ /၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ မအီမြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် အသက် ၅ဝ ဝန်းကျင် ရဲတပ်ကြပ်ထွန်းရွှေမောင်ဖြစ်သည်။
သူသည် သြဂုတ်လ ၁ ရက် ည ၉ နာရီခန့်တွင် မအီမြို့ အမှတ်(၂)ရပ်ကွက်ရှိ မူကြိုကျောင်းရှေ့တွင် AA တပ်ဖွဲ့ဝင်အချို့က ဆိုင်ကယ်ဖြင့်ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်သားတစ်ဦးက နိရဥ္စရာကိုပြောသည်။
“သူက အိမ်ကနေ စခန်းကို ဂျူတီဆိုပြီးတော့ စခန်းကို ဆိုင်ကယ်နဲ့တစ်ယောက်တည်းအသွားမှာ အဖမ်းခံရတာပါ”ဟု ပြောသည်။
ရဲတပ်ကြပ်ထွန်းရွှေမောင်သည် ဘူးသီးတောင်မြို့ ဇာတိဖြစ်ပြီး မအီမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်သည်ဟု သိရသည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် မအီမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄ ဦးတို့ကို ယနေ့ သြဂုတ်လ ၃ ရက်နံနက်တွင် မအီမြို့မရဲစခန်းသို့ စစ်တပ်က ခေါ်ယူစစ်ဆေးနေသည်ဟု သိရသည်။
လက်ရှိတွင် မြို့ပေါ်၌ စစ်ဆေးမှုအနည်းငယ်မှလွဲ၍ စစ်ဆေးတင်းကျပ်မှုများမရှိဘဲ ပုံမှန်သွားလာနေကြသည်ဟု မြို့ခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့မရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို AA က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ခံအချို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။
လက်ရှိ ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အပြန်အလှန်ဖမ်းဆီးမှုများရှိနေပြီး မောင်တောမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ