တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မှ လူမှုရေးသမား ကိုဇော်ဝင်းပါ ၃ ဦး၏အမှုတွင် လုံခြုံရေးအားနည်းချက်ကြောင့်ဟုဆိုကာ လိုပြသက်သေများရောက်မလာ၍ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ သြဂုတ် ၃/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ၃ ဦး၏အမှုတွင် လုံခြုံရေးအားနည်းချက်ကြောင့်ဟုဆိုကာ ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေများ ရောက်မလာ၍ ရုံးမထုတ်ဘဲ ရုံးချိန်းအား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
၄င်းတို့ကို ယနေ့ သြဂုတ်လ ၃ ရက်တွင် ကျောက်တတော်မြို့နယ်တရားရုံး၌ ရုံးချိန်းချိန်းဆိုထားသော်လည်း လိုပြသက်သေများရောက်မလာ၍ရုံးမထုတ်ဖြစ်ခဲ့ဟု ကိုဇော်ဝင်း၏အမျိုးသမီး ဒေါ်ခင်လှစံက နိရဉ္စရာကို ပြောသည်။
"ဒီနေ့ကိုဇော်ဝင်းတို့ကို ရုံးမထုတ်ဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သက်သေတွေမရောက်ဖြစ်ဘူးလို့သိရတယ်။ အသွားအလာမလုံခြုံလို့ အဲဒါမျိုးကြောင့်လို့ ကြားတယ်။ ဒီဘက်မှာလည်း နည်းနည်း ဆူနေကြလို့လေ" ဟုပြောသည်။
၎င်းတို့ကို မည်သည့်နေ့သို့ ရုံးချိန်းရွှေ့ပြောင်းလိုက်ခြင်းကိုလည်း လက်ရှိတွင် မိသားစုဝင်များအနေနှင့် မသိရှိရသေးဟု ဆိုသည်။
သူတို့ ၃ ဦးမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (၄၃ နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူ ဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈ နှစ်)တို့ ဖြစ်ကြသည်။
သူတို့ ၃ ဦးအနက် ကိုဇော်ဝင်းသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပေဒပုဒ်မ ၅ဝ၅(က)ဖြင့် ကျောက်တော်အခြေစိုက် ခမရ (၃၇၅)မှ ဗိုလ်ကြီးကိုကိုအောင်က လည်းကောင်း၊ ဦးကျော်သန်းမောင်အား နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် ဗိုလ်ကြီးမောင်မောင်နိုင်ကလည်းကောင်း၊ ကိုဇော်မိုးထက်အား ၅ဝ၅(ခ)ဖြင့် ဗိုလ်ကြီး ဝေယံဦးကလည်းကောင်း တရားလိုများပြုလုပ်ကာ ကျောက်တော်မြို့မရဲစခန်း၌ အသီးသီးအမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။
အမှုဖွင့်စဉ်က ရဲစခန်းသို့လွှဲပြောင်းမပေးခဲ့ဘဲ ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေး ကွကးပ်ကဲမှု ဌာနချုပ်၏အချုပ်တွင် ထိန်းသိမ်းထားခဲ့ကာ ဇူလိုင်လ ၅ ရက်မှ ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
၎င်းတို့အမှု၏ တရားလိုဗိုလ်ကြီးများအား ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က ကျောက်တော်မြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂ဝ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းအနက် ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက် နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ