တရုတ်စီမံကိန်းများအပေါ် ဒေသခံများမကျေနပ်မှုများတိုးပွားလာပြီးနောက် “ကျောက်ဖြူအနာဂတ်” ရွေ့လျားဆေးခန်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လာ


 နိရဉ္စရာ၊ ဩဂုတ် ၄/ ၂၀၂၂

 ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် တရုတ်နိုင်ငံ၏ စီမံကိန်းများကြောင့် တရုတ်နှင့် မြန်မာအစိုးရတို့အကြား အကျိုးတူ စီးပွားများဖြစ်ထွန်းနေသော်လည်း ဒေသခံပြည်သူများမှာ အဆိုပါ စီမံကိန်းများမှ တစ်စုံတစ်ရာ အကျိုးခံစားခွင့် မရရှိဘဲ စီမံကိန်းကြောင့် လယ်မြေဆုံးရှုံးမှု၊ အလုပ်အကိုင်အခွင့်အလန်းများဆုံးရှုံးမှုတို့ကြောင့် ဆင်းရဲတွင်း ပိုနက်လာသဖြင့် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် တရုတ်နိုင်ငံက ရခိုင်လူထုကို ချွေးသိပ်ရန် ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေသည်ဟု သတင်းရရှိသည်။

၎င်းစီမံကိန်းကို ယူနန်ပြည်နယ် နိုင်ငံခြားအကူအညီပေးရေးဌာနမှ ရန်ပုံငွေ ထောက်အပံ့ဖြင့် ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းကို ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၌ စတင်ခဲ့သည်ဟု သတင်းရရှိသည်။

ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းကို CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့ကရေးဆွဲကာ  ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ ဒေသခံအရပ်ဘက်အဖွဲ့အစည်း KSEDAA က တာဝန်ယူ အကောင်အထည်‌ဖော်နေသည်ဟု သိရသည်။

အဆိုပါ စီမံကိန်းသည် လာမည့် ၄ လအတွင်း ကျောက်ဖြူစီမံကိန်း အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများကို အခမဲ့ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုနှင့် ဆေးဝါးချို့တဲ့မှုပြဿနာကို ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး ဆေးကုသမှုပေးခဲ့သည့် ကျေးရွာတွင် ကျေးရွာသူ/သား ၇၀ နီးပါးကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှ အထွေထွေဆရာဝန် သုံးဦးက စစ်ဆေးကုသမှု ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ယခုလို ကျန်းမာရေးစောင့်ရှောက်ပေးသည်မှာ ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း ဒေသခံများ အကျိုးရှိအောင် အခြေခံအလုပ်အကိုင်အခွင့်အလန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ဦးစားပေး ရှာဖွေ ဖော်ထုတ်ပေးရန် လိုအပ်နေသည်ဟု လူမှုရေးဆောင်ရွက်နေသူ တစ်ဦးက ပြောဆိုသည်။

ရေနံဆိပ်ကမ်းနှင့် ဂတ်စ်တင်ပို့ရာ မဒေးကျွန်းဒေသခံတစ်ဦးက  ကျွန်တော်တို့ကို ဒီစီမံကိန်း မစတင်ခ သူတို့ စည်းရုံးတာက အလုပ်အကိုင်တွေရမယ်။ ရွာတွေကို လျှပ်စစ်မီးပေးမယ်။ လမ်းတွေ ဖောက်ပေးမယ်။ သောက်သုံးရေတွေဖြန့်ဖြူးပေးမယ်။ လက်တွေ့မှာ ဘာမှ အကျိုးမခံစားရတဲ့ အပြင် လယ်သမားတွေမှာ လယ်မြေတွေသာ တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးသွားတယ်။ ညစောင့်၊ ခြံသန့်ရှင်းရေးအလုပ်တောင်မခန့်ဘူး။ လမ်းတွေဆိုလည်း မိုးဆိုရင် သွားလာလို့ မရအောင် ပျက်စီးနေတယ်ဟု ပြောသည်။  

မဒေးကျွန်းတွင် လျှပ်စစ်မီး ပြတ်တောက်မှု မရှိသော်လည်း လမ်းများကို ကိုယ်ထူ ကိုယ်ထ ဖောက်လုပ်ကာသွားနေရသည်ဟု ဆိုသည်။

လျှပ်စစ်မီးကတော့ အခက်အခဲသိပ်မရှိဘူး။ ဒီဘက်မှာ လျှပ်စစ်မီးက ပြတ်တောက်မှုလည်း မရှိဘူး။ ကျောက်ဖြူကလည်း တစ်လိုင်း ဝင်လို့ရှိသလို ဥသျှစ်ပင်ကလည်း တစ်လိုင်းလို့ ဝင်လို့ရှိပါတယ်။ ၂၄ နာရီရပါတယ်။ မ်းပန်းဆက်သွယ်ရေးကတော့ မကောင်းဘူး။ မကောင်းဆိုတာက စီမံကိန်းတွေဘက်က လုပ်ပေးတဲ့ လမ်းပန်းဆက်သွယ်ရေးက မရှိဘူး။ ကိုယ်ထူကိုယ်ထ လမ်းပန်း ဆက်သွယ်ရေးပဲရှိပါတယ်။ မြေသားလမ်း ပဲပေါ့။ ကိုယ်ထူကိုယ်ထဖောက်လုပ်နေရတာပါ။ ဒီဘက်မှာ စီမံကိန်းတွေကတော့ ၂ဝ၁၇ ခုနှစ်တုန်းက မီးရယ်၊ ရေရယ်၊ လမ်းရယ် ပေါင်းပြီးတော့ လုပ်ပေးဖို့ ကျနော်တို့ ဆန္ဒတစ်ခေါက် ဆန္ဒပြပြီးတော့ တောင်းဆိုကြတယ်လေ။ အဲဒီတုန်းကတော့ မြေသားလမ်းတစ်ခေါက် လုပ်ပေးပါတယ်။ ရွာ ၄ ရွာအတွက် မြေသားလမ်းဖောက်ပေးပါတယ်။ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ပေးတာ မရှိဘူး။ ဆေးပေးခန်းလေးတစ်ခန်းတော့ လုပ်ပေးတာရှိတယ်။ စာသင်ကျောင်းဆောင်တွေလည်း လောလောဆယ် တစ်ဆောင်နှစ်ဆောင်လောက်တော့ရှိတယ်။ အဲဒါကတော့ တရုတ်ဆီက အစိုးရကို ပေးတဲ့ပုံစံမျိုးနဲ့ အဲလို လုပ်ပေးတာရှိတယ်။ စာသင်ကျောင်း ကျောင်းဆောင်ကတော့ ဒီဘက်မှာ နှစ်ဆောင်လောက်ရှိပါတယ်။  ဆေးပေးခန်းကတော့ ပြိန်ရွာမှာ ဆောက်ထားတာပါ။ ပြိန်ကတော့ ရွာကြီးပါ။ စာသင်ကျောင်းကတော့ ဒီဘက်မှာ ပြိန်မှာ တစ်ခုရှိပါတယ်။ ကျောင်းဆရာမ၊ ကျောင်းဆရာတွေနေဖို့အဆောင်တစ်ဆောင်ကတော့ ရွာမမှာ ရှိပါတယ်။ သူတို့ဆီက ပေးထားတာလေ။ အထက်တန်းကျောင်းကတော့ ကျနော်တို့ ပြိန်မှာရှိပါတယ်။ နောက်ရွာတွေမှာတော့ အလယ်တန်းကျောင်းတွေရှိပါတယ်" ဟု ပြောဆိုသည်။ 

၎င်းပြင် ရေနံသင်္ဘောများဝင်ရောက်လာမှုကြောင့် ကျောက်ဖြူမြစ်နှင့် သံစစ်မြစ်ကြောင်းတစ်လျှောက် ငါးဖမ်းခွင့်ကိုလည်း တားမြစ်မှုများရှိလာသဖြင့် ဒေသခံ ရေလုပ်သားများအနေဖြင့် သက်မွေး ဝမ်းကျောင်းရန် အခက်တွေ့လာရသလို သင်္ဘောများ ဝင်ထွက်သွားလာမှုကြောင့် ရေနေ သတ္တဝါများလည်း ရှားပါးလာသည်ဟု ပြောဆိုသည်။

Share: