ပလက်၀အခြေစိုက် စစ်ကောင်စီ အမှတ် ( ၂၈၉) တပ်ရင်းမှ ပလက်၀ မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်ကနေ သွားလာနေသည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း အားလုံးကို ပိတ်ထားလိုက်ပြီဟု သတင်းရရှိသည်။
ထိုသို့ ပိတ်ထားခြင်းမှ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ အကြား ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး အချိန်ကစ၍ ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု ပလက်၀ဒေသခံများက ပြောသည်။
အဓိက ပလက်၀မြို့နယ်သို့ ကုန်စည်များပို့ဆောင်နေသည် ကျောက်တော်- ပလက်၀ ကုလားတန် မြစ်ကြောင်းလမ်းကို ပိတ်ထားလိုက်သဖြင့် ပလက်၀ ဒေသတွင် ကုန်ဈေးနှုန်းများမြင့်တက်လာနေကာ လူထုအတွင်း စားဝတ်နေရေး အခက်အခဲဖြစ်လာသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ ပလက်၀မြို့နယ်၊ နှမဒါချောင်းဘက်မှာ ဒီလ ၂ ရက်နေ့ မနက်ကစပြီး အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်တယ်။ အဲဒီနေ့ကစပြီး မြန်မာစစ်တပ်ဘက်ကနေ ပလက်၀မြို့နယ်အတွင်း သွားလာရေး လမ်းကြောင်းများကို ပိတ်ထားခဲ့တယ်။ အကျိုးဆက်ကတော့ အခု ကုန်ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။
လက်ရှိပလက်၀မြို့တွင် ပေါ်ဆန်းမွှေးဆန် ၄ တောင်းတစ်အိတ်ကို ၇၀၀၀၀ ကျပ်နှင့် ဆန်ချေ ၄ တောင်းတစ်အိတ်ကို ၆၀၀၀၀ ကျပ် နီးပါး အထိ ဈေးတက်သွားကြောင်း ၎င်းက ဆိုသည်
"လမ်းကပိတ်ထားတယ်၊ သွားလို့လာလို့မြင်ရင် တပ်က လှမ်းပစ်တယ်။ အဲဒါကြောင့် တစ်ယောက်လည်းအလားအသွားမရှိဘူး။ အစစ အရာရာကလည်း ဈေးတက်နေတယ်။ စက်သုံးဆီကလည်း ဒုက္ခအရမ်းရောက်နေတယ်။ ပြတ်နေပြီ။ နောက်ဆိုရင် မြို့ထဲကို မီးလည်းလင်းမှာ မဟုတ်တော့ဘူး။ အခုက လတစ်ဝက်လောက် ပိတ်ထားမဲ့ပုံစံမျိုးမြင်တယ်။ ဒီဘက်မှာက အရင်ဖြစ်ခဲ့တဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေကအများကြီးဖြစ်နေတယ်" ဟုပြောသည်။
ပလက်၀မြို့တွင် ကုန်ဈေးနှုန်းများမြင့်တက်လာမှုနှင့် စက်သုံးဆီမှာလည်း ပြတ်လုနီးပါးဖြစ်နေကာ ပလက်၀မြို့သို့ EPC လျှပ်စစ်မီးဓာတ်အား ပေးနေမှုမှာလည်း လာမည့် လေး၊ ငါးရက်အတွင်းတွင် စက်သုံးဆီ ပြတ်လပ်မှုကာ လျှပ်စစ်မီးဖြန့်ဝေမှုကို ရပ်နားထားရမည့်သတင်းများလည်း ကြားနေ၇ကြောင်း ပလက်၀ဒေသခံများကပြောသည်။
ထို့အပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥမှာလည်း တစ်လုံးလျှင် ၅၀၀ ကျပ်ဝန်းကျင် ပေးဝေရေကာ အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲအကျပ်အတည်းဖြစ်နေ၇ကြောင်း ပလက်၀ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
"ဈေးကအားလုံးတက်နေတယ်။ လမ်းကအားလုံးပိတ်ထားတယ်၊ တခုကမှ မသွားရ၊ မလာရဘူး။ သွားခွင့်တောင်းတော့ အသက်အပိုပါရင် သွားလို့ ပြောတယ်။ ရှိတဲ့သူတွေမှာတော့ ကုန်တွေ လှောင်ထားတာ ရှိတယ်။ မရှိတဲ့သူတွေမှာတော့ တစ်ရက်စာတစ်ရက်ဝယ်စား၇တာ။ ကုန်ဆိုင်တွေမှာလည်း ပစ္စည်းတွေက ကုန်ခါနီးနေပြီ" ဟုပြောသည်။
၇ခိုင်ပြည်နယ် ကျောက်တော်မှ ပလက်၀သို့ တစ်ပတ်တွင် တစ်ကြိမ် ပြေးဆွဲနေသည့် အစိုးရ ဇက်ရေယာဉ်မှာလည်း ယခုအပတ်တွင် ပလက်၀မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပြေးဆွဲခွင့်မရဘဲ ကျောက်တော်မြို့ဆိပ်ကမ်းတွင် ကုန်ပစ္စည်းအပြည့်နှင့် ရပ်နားထား၇ကြောင်း ပလက်၀ဒေသခံများကပြောသည်။
ပလက်၀မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှစ၍ အေအေနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေကာ ယနေ့ ဩဂုတ် ၆ ရက် နံနက် ၅ နာရီမှ ၁၀ နာရီကျော်အထိလည်း ခမ၇ ၂၈၉ တပ်ရင်းမှ လက်နက်ကြီးပစ်သံများ အဆက်မပြတ်ကြားနေ၇ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပလက်၀မြို့နယ်၊ နှမဒါချောင်းအနီးရှိ သူဌေးကုန်းရွာ၊ ပကာချောင်း၀၊ လယ်လှ၊ သရက်တောင်နှင့် ယင်းအနီးအနားများတွင်လည်း လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်သံများကို ယနေ့နံနက်ပိုင်းအထိ ကြားနေရကြောင်း ယင်းအနီးအနားရှိ မွန်ထောင့်ကျေးရွာ ဒေသခံများက ပြောသည်။