Preview

“အမေ့ခံရခိုင်တော်လှန်ရေးခေါင်းဆောင်များနှင့် မိခင်တစ်ယောက်၏ သားပျောက်ရှာပုံတော်” စာအုပ် မိတ်ဆက်ပွဲ စစ်တွေတွင် ပြုလုပ်

သြဂုတ် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :2242
ရခိုင် သတင်း

နိရဥ္စရာ၊ ဩဂုတ် ၇/ ၂၀၂၂
ရခိုင်စာရေးဆရာ ခိုင်မင်းညို ရေးသားထားသော “အမေ့ခံရခိုင်တော်လှန်ရေးခေါင်းဆောင်များနှင့် မိခင်တစ်ယောက်၏ သားပျောက်ရှာပုံတော်” စာအုပ်မိတ်ဆက်ပွဲကို စစ်တွေတွင် ယနေ့ ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို ယနေ့ ဩဂုတ်လ ရ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအချိန်အထိ စစ်တွေရှိ ဝံလက်ဖောင်းဒေးရှင်းရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါစာအုပ်ကို ရခိုင့်တော်လှန်ရေးကိုအခြေခံကာ မိမိဆုံစည်းခဲ့ရသည့်ခေါင်းဆောင်များနှင့် အတိုင်းအတာတစ်ခုထိ မှတ်မိထားသမျှ မှတ်တမ်းများတင်ပြလိုသည့်ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆရာ ခိုင်မင်းညိုက နိရဥ္စရာကိုပြောသည်။
"ဘယ်အလုပ်မှာမဆို အောင်မြင်သူတစ်ယောက်ရဲ့နောက်ကွယ်မှာ ပံ့ပိုးသူတွေက အများကြီးရှိပါတယ်။ အဲ့လိုပဲ နိုင်ငံရေးမှာလည်း အခုခေတ်အခြေအနေကိုရောက်ရှိဖို့သော်လည်းကောင်း၊ ခေါင်းဆောင်တစ်ဦးပေါ်ထွန်းဖို့သော်လည်းကောင်း၊ ထိုသူများကိုပံ့ပိုးကူညီပေးခဲ့တဲ့၊ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ အဲဒီသူရဲကောင်းတွေကို မှတ်တမ်းတင်ချင်တဲ့အနေနဲ့ ရေးသားခဲ့တာပါ"ဟုပြောသည်။
ယခုစာအုပ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)နှင့် ရခိုင်မျိုးဆက်သစ်တပ်မတော် (ANGA)ပေါ်ပေါက်လာပုံအကြောင်း၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကို ဖြတ်သန်းခဲ့ကြသော၊ ဖြတ်သန်းနေကြဆဲဖြစ်သော တော်လှန်ရေးခေါင်းဆောင်(ရ)ဦးဖြစ်သည့် ဦးမောင်စိန်ညွန့်၊ ဦးရွှေသာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဒေါက်တာခင်မောင်၊ ဦးကြာဖြူအောင်၊ ဦးဗစိုးအောင်နှင့် ဦးခိုင်မြဝါတို့အကြောင်း၊ ဗိုလ်ချုပ်ခိုင်ရာဇာမိသားစုအကြောင်းနှင့် စာရေးသူ၏ တော်လှန်ရေးလောကအတွေ့အကြုံအချို့ကို ထည့်သွင်းရေးသားထားသည်ကိုတွေ့၇သည်။
၈၈ ၇ခိုင်အမျိုးဆက်ကျောင်းသား ခိုင်ဆန်းအောင်က “ဤစာအုပ်သည် ခိုင်မင်းညို၏ဘ၀ဖြတ်သန်းမှုကို လက်နက်ကိုင်တော်လှန်ရေးဖြင့် ပေါင်းစပ်ထားခြင်းဖြစ်၍ ရသခံစားမှုမျိုးကို ဖော်ဆောင်ပေးနိုင်မည်ကား မဟုတ်ချေ။ သို့သော်ငြား သူကိုယ်တိုင်ဖြတ်လျှောက်ခဲ့သောခြေရာများကို တော်လှန်ရေးအပေါ်စိတ်ပါဝင်စားသူ မျိုးဆက်သစ်များအတွက် အမျိုးသားလွတ်မြောက်ရေးခရီးစဉ်၌ဖြစ်တတ်သော ပျော့ကွက်၊ ဟာကွက်၊ လစ်လပ်ချက်များကို သိရှိထားနိုင်ကြစေရန် မီးမောင်းထိုးပြဖြည့်ဆည်းပေးလိုက်သည်မှာ အမှန်ပင်ဖြစ်သည်”ဟုလည်း သူ၏အမှာစာတွင် ထည့်သွင်းရေးသားထားသည်။
အဆိုပါစာအုပ်တွင် စာမျက်နှာ ၁၄၉ မျက်နှာပါဝင်ပြီး တစ်အုပ်လျှင် ကျပ် ၄ ထောင်ဖြင့် ရခိုင်ပြည်နယ်ရှိ စာအုပ်ဆိုင်များတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပြီဖြစ်သည်။
ယခုစာအုပ်သည် ဆရာခိုင်မင်းညို၏ ဒုတိယမြောက်စာအုပ်ဖြစ်သည်။
သူသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းကလည်း “လက်နက်ကိုင်တော်လှန်ရေးနှင့် စိန်ခေါ်မှုများ”အမည်ရှိစာအုပ်ကိုရေးသားထုတ်ဝေခဲ့ရာ ရခိုင်စာပေလောကအတွင်း ရောင်း၇အကောင်းဆုံးစာအုပ်ဖြစ်ခဲ့သည်။
ဆရာခိုင်မင်းညိုသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ အင်ကြင်းချိုင်ကျွန်း၊ ကျောက်မောင်းကျေးရွာ ဖွားတစ်ဦးဖြစ်ပြီး ရခိုင့်တော်လှန်ရေးလောကတွင် နှစ်ပေါင်း ၂၅ နှစ်ကြာ ကျင်လည်ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်သည်ဟု သိ၇သည်။ (NN-13)

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.