တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ALPက ဒေသခံနှစ်ဦးကိုဖမ်းဆီးပြီး နောက်ထပ်တစ်ဦးကိုဖမ်းဆီးစဉ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ဟု ဒေသခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

စစ်တွေမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အဖွဲ့ဝင်အချို့က အရပ်သားနှစ်ဦးကို ဖမ်းဆီးပြီး နောက်ထပ်ဒေသခံတစ်ဦး ဖမ်ဆီးစဉ် ထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်သဖြင့် ကိုသိန်းဆန်းဆိုသူမှာ ဒဏ်ရာဖြင့်ထွက်ပြေး လွတ်မြောက်သွားပြီး ဆေးကုသမှု ခံယူနေရကြောင်း နာဇီရွာရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။
၎င်းဖြစ်စဉ်သည် သြဂုတ်လ ၇ ရက်နေ့ ၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တွေမြို့ နာဇီရွာ မီးလောင်ကွင်း ALP ရုံးအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
၎င်းနာဇီရွာရပ်ကွက်မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ALP ရုံးနားမှာ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကိုဖမ်းသွားတယ်။ နောက်ထပ် အမျိုးသားတစ်ယောက်ကိုလည်း လိုက်ဖမ်းတာ ဖမ်းမမိလို့ သေနတ်နဲ့ လိုက်ပစ်တာ ခြေထောက်မှာ ထိသွားတယ်။ ဒါပေမယ့် သူ့ကိုတော့ ဖမ်းမမိလိုက်ဘူး"ဟု ပြောသည်။
လက်ရှိဖမ်းဆီးခံထားရသူ တစ်ဦးမှာ အေးကိုလှိုင်ဖြစ်သည်ဟု သိရပြီး အမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို နိရဉ္စရာသတင်းဌာက အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ပါသည်။
"အခု ဒဏ်ရာရသူက **** မှာ ဆေးကုသမှုခံယူနေရပါတယ်။ ALP က လိုက်ဖမ်းတာ ဖမ်းမရလို့ သေနတ်နဲ့ လှမ်းပစ်တာတဲ့။ ၂ ယောက်မှာ တစ်ယောက်ကတော့ အဖမ်းခံလိုက်ရတယ်။ ကိုသိန်းဆန်းဆိုသူက သေနတ်ခြေထောက်ကို ထိသွားပေမဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်"ဟု ပြောသည်။
ဩဂုတ်လ(၂) ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင် ကို ဖမ်းဆီးခံပြီးနောက် ALP တပ်ဖွဲ့တချို့မှ အေအေနှင့် ဆက်စပ်သူများကို လိုက်ဖမ်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ALP ပါတီဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပါတီကိစ္စများကို ဖြေကြားရန်အတွက် တွဲဘက် အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းကို တာဝန်ပေးထားသဖြင့် သူ့ကိုမေးပါဟု ပြောဆိုသည်။
သို့အတွက် တွဲဘက် အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းကို ဆက်သွယ်မေးမြန်းရာ၎င်းက "ကျနော်တို့ဘက်ကတော့ ဘာမှမကြားသေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်ပိုင်းကတော့ ဒေသခံတွေကိုတစ်ခုခု လုပ်ဖို့ ညွှန်ကြားထားတာမရှိပါဘူး။ ရုံးဘက်မှာ ဘာတွေဖြစ်နေလဲ ကျနော်လည်း မသိပါဘူး" ဟု ပြောကြားသည်။
ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ALP က သြဂုတ် ၃ ရက်နေ့က ထုတ်ပြန် ထားသည့် ထုတ်ပြန်ချက်တွင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးခြင်းသည် ရခိုင်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်ဟုရှုမြင်ပြီး ရခိုင့်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း ရေးသား ဖော်ပြထားသည်။
ယခုဖြစ်စဉ် မတိုင်မီကလည်း ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ALP/ALA တပ်ဖွဲ့ဝင်များနှင့် ခမရ(၃၅၄) တပ်ရင်း မှ တပ်ဖွဲဝင်များ ပူးပေါင်းလျက် ဒေသခံ ၄ ဦးကို ဖမ်းဆီး သွားကြောင်း Arakan Princess Media (APM) တွင် သတင်းဖော်ပြထားသည်။
ယင်းဖမ်းဆီးမှုမှာလည်း ALP/ALA ပါတီနှင့် သက်ဆိုင်မှုမရှိကြောင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်း ပြောဆိုထားသည်။
(နောက်ဆုံးရရှိသည့် သတင်းအရ ဖမ်းဆီးသွားသည့် အမျိုးသမီးကို ပြန်လွတ်လိုက်ပြီဟု သိရသည်။) (NN-7)

ဆက်စပ် သတင်းများ