ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အခေါက်ရွှေ ၁ ကျပ်သား ပြင်ပပေါက်ဈေး ကျပ် ၂၄ သိန်းကျော်အထိ စံချိန်တင်မြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

နိရဥ္စရာ၊ သြဂုတ် ၉/၂၀၂၂
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အခေါက်ရွှေ (၁၆ ပဲရည်) ၁ ကျပ်သားကို ပြင်ပပေါက်ဈေး ငွေကျပ် ၂၄ သိန်း ဝန်းကျင်အထိ စံချိန်တင်မြင့်တက်နေသည်ဟု သိရသည်။
ယနေ့ သြဂုတ် ၉ ရက်တွင် အခေါက်ရွှေ (၁၆ ပဲရည်) ၁ ကျပ်သားလျှင် ပြင်ပပေါက်ဈေး ငွေကျပ် ၂,၄၂၀,၀၀၀ ကျပ်နှင့် ၁၅ ပဲရည် ရွှေ ၁ ကျပ်သားကို ငွေကျပ် ၂,၂၁၀,၀၀၀ ကျပ်ရှိသည်ဟု ရခိုင်မှ ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
ယခုကဲ့သို့ ရွှေဈေးများ စံချိန်တင်မြင့်တက်နေသည့်အတွက် ရခိုင်ရွှေစျေးကွက်အတွင်း အရောင်းအဝယ်မဖြစ်ဘဲ ရွှေပေါင်နှံသူများမှာ ယခင်လများကထက် ပို၍ များပြားလာနေသည်ဟု ကျောက်တော်မြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“အရောင်းအဝယ်က မဖြစ်ဘူး။ အရောင်းအဝယ်က ရပ်သွားတယ် အားလုံး။ အခုပေါက်ဈေးကိုမေးကြည့်တော့ ၂,၄၁၀,၀၀၀ ပြောတယ်။ ပေါက်ဈေးနဲ့ တစ်သောင်း၊ နှစ်သောင်းခွာပြီးတော့ ရောင်းတာပါပဲ ဝယ်ဖို့လာရင်။ ရောင်းဖို့ကလည်း သိပ်ပြီးမရောက်ကြဘူး။ အပေါင်သားက များတယ်” ဟုပြောသည်။
ရခိုင်တွင် ရွှေဝယ်ယူသူများနည်းလာသည့်အတွက် ရန်ကုန်ကိုတင်ရောင်းမည်ဆိုလျှင်လည်း ပို့ရသည့်စရိတ်များ၍ မရောင်းဖြစ်ဟု သူက ဆက်ပြောသည်။
ယနေ့ သြဂုတ်လ ၉ ရက်ထုတ် စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ယမန်နေ့ သြဂုတ်လ ၈ ရက်က အကယ်ဒမီမီးလင်းရွှေ(အခေါက်ရွှေ) အဖွင့်ဈေးမှာ ကျပ် ၂,၀၇၇,၀၀၀ ရှိခဲ့ပြီး အပိတ်ဈေးမှာ ၂,၀၈၄,၀၀၀ ဟု ဖော်ပြထားသည်။
သို့သော်လည်း ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်တွင် အစိုးရ ရည်ညွှန်းဈေးနှင့် ငွေကျပ် ၃ သိန်းကျော်အထိ ကွာဟမှုရှိနေသည်။
စစ်တွေမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကလည်း ရွှေဈေးများမြင့်တက်နေသည့်အတွက် အရောင်းအဝယ်မဖြစ်ဘဲ ပေါင်နှံသူများမှာ ယခင်ကထက် ပိုများနေသည်ဟု ပြောသည်။
ယခုကဲ့သို့ ရွှေဈေးမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်က စစ်ကောင်စီကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒေါ်လာဈေး၊ ရွှေဈေးနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ တချို့ရွှေဈေးကတော့ ကျနော်တို့ အခြေအနေတစ်ရပ်ကြောင့် ကမ္ဘာ့ရွှေဈေးကျနေပြီးတော့ မြန်မာ့ရွှေဈေးမြင့်တက်နေတဲ့အနေအထားရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ပြန်လည်တည်ငြိမ်အောင်လုပ်ဆောင်သွားမယ့် အခြေအနေတွေလည်းရှိပါတယ်” ဟု ပြောဆိုသွားခဲ့သည်။
ယခင်က အခေါက်ရွှေ (၁၆ ပဲရည်) ရွှေ ၁ ကျပ်သားကို ငွေကျပ် ၂,၀၆၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သော ဇူလိုင်လ ၁၈ ရက်မှ စတင်ကာ ပြင်ပ ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ (NN-3)

ဆက်စပ် သတင်းများ