နိရဥ္စရာ၊ သြဂုတ် ၁၀/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့ အခြေစိုက် ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA) က ယနေ့နံနက်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဘားတိုက်အဆောင်တစ်ခုကိုထိမှန်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ပလက်၀ ဒေသခံတစ်ဦးက "ဒီနေ့ မနက်က အေအေဘက်က ပစ်လို့ ၂၈၉ တပ် ဘားတိုက် အဆောင်မှာကျတယ်လို့သိ၇တယ်။ဘားတိုက် ဆောင်ပျက်စီးသွားပြီးတော့ အထိအခိုက် အခြေအနေကို အတိအကျမသိနိုင်သေးပါဘူး"ဟု ပြောသည်။
ယင်းပစ်ခတ်မှုသည် သြဂုတ်လ ၁၀ ရက်နေ့ နံနက် ရ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပလက်၀အခြေစိုက် ခလ၇(၂၈၉) တပ်ရင်းက လက်နက်ကြီးများဖြင့် ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။
၎င်းနောက် နံနက် ၁၁ နာရီခန့်မှစတင် အေအေနှင့် မြန်မာစစ်တပ်တို့အကြားနှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိ၇သည်။
နောက်ထပ် ပလက်၀ ဒေသခံတစ်ဦးက "၂၈၉ တပ်နားမှာ တောင်ကုန်းတွေရှိတယ်။ စိမ့်စင်းနားနဲ့လည်းနီးတယ်။ အဲ့ဒီနားမှာ ဖြစ်နေကြတာလို့သိ၇ပါတယ်။ လက်နက်ကြီးတွေထုပြီး ၂ ဘက် တိုက်ပွဲ ဖြစ်နေကြလို့ကျောင်းတွေတောင် အချိန်ပြည့် မဖွင့်ဘဲ ကလေးတွေကို ကျောင်းလွှတ် လိုက်၇တယ်။ မကြာသေးဘူးပစ်တာခဏနားတာ" ဟု ယနေ့ နေ့လယ် ၂ နာရီကျော်က ပြောသည်။
တိုက်ပွဲက ထွက်လာသည့် သေနတ်သံများကြောင့် ဒေသခံများအကြား စိုးရိမ်မှုလည်း မြင့်တက်ခဲ့ပြီး စာသင်ကျောင်းမျာလည်းစောပိတ်ထားခဲ့၇သည်ဟု ဆိုသည်။
ပလက်၀မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့နံနက်မှစတင်ကာ အေအေနှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး နေ့စဉ်နီးပါးကြိုကြား ကြိုကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယခုတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး နိရဥ္စရာက အတည်ပြုရန်AA ပြောခွင့်ရသူဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကိုဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် ပလက်၀အခြေစိုက် ခမ၇ ၂၈၉တပ်ရင်းကို အေအေက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း အပေါ် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပလက်၀မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ပလက်၀မြို့နယ်တွင်းရှိကျေးရွာ တစ်ရွာနှင့် တစ်ရွာသွားလာမှုများကိုပါ တင်းကြပ်စစ်ဆေးမှုများရှိနေပြီး ကုန်းလမ်း၊ရေလမ်းများကို စစ်တပ်ကပိတ်ပင်ထား၍ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိကြောင်းသိ၇သည်။ (NN-7)