ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မည်သည့်နှစ်တွင် ရခိုင်ပြည်လွတ်မြောက်နိုင်မည်ဆိုသည်ကို ပြော၍ မရနိုင်သေးဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရဥ္စရာ၊ သြဂုတ် ၁၁/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ရခိုင်ပြည်သူများမျှော်လင့်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်သည့်ရခိုင်နိုင်ငံကို ရရှိနိုင်ရန်အတွက် သက္ကရာဇ်အရပြောနိုင်ခြင်းမရှိသေးဟု ULA/AA ၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဖြစ်ပျက်နေသည့်အခြေအနေများအပေါ်တွင် တော်လှန်ရေးအတွက်၊ ရခိုင်ပြည်သူများအတွက် အကောင်းဆုံးအသုံးချ၍ တော်လှန်ရေးကို အမြန်ဆုံးပြီးနိုင်အောင် လုပ်ဆောင်နေကြောင်း ယနေ့သြဂုတ်လ ၁၁ ရက်တွင်ပြုလုပ်သော ULA/AA ၏ စတုတ္တအကြိမ်မြောက် သတင်းရှင်းလင်းပွဲတွင် ဦးခိုင်သုခက ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“ကျနော်တို့သည် အလုပ်လုပ်တဲ့အခါ မဖြစ်နိုင်တဲ့ကတိတွေနဲ့ ကျနော်တို့ပြည်သူတွေကို နှစ်သိမ့်ပေးတဲ့ ဦးဆောင်မှုမျိုးကို မပေးချင်ပါ။ လက်တွေ့ကျတဲ့ တော်လှန်ရေးမျိုးကို ဆောင်ရွက်နေတာဖြစ်တယ်။ ကျနော်တို့ဟာ အဲဒီအတွက်နဲ့ ဘယ်နှခုနှစ်မှာ လွတ်လပ်ရေးရတော့မယ်၊ ဘယ်နှခုနှစ်မှာ ဘာဖြစ်လာမယ်ဆိုပြီး ပြောနေတာထက် ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေတွေအပေါ်မှာ တော်လှန်ရေးအတွက်၊ ကျနော်တို့ပြည်သူတွေအတွက် အကောင်းဆုံးအသုံးချပြီးတော့ ကျနော်တို့ဒီတော်လှန်ရေးကို မြန်နိုင်သမျှမြန်အောင် ဘယ်လိုအဆုံးသတ်မယ်၊ ဘယ်လိုအောင်ပွဲခံမယ် အဲဒီအတွက်နေပြီးတော့ ကြိုးစားနေတာပါ။ အဲဒီအတွက်ကြောင့် နှစ်ကာလအတိအကျပြောလို့မရပါ”ဟုု ဖြေကြားခဲ့သည်။
သို့ရာတွင် အတိအကျပြောနိုင်သည်မှာ တော်လှန်ရေးကို တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုရှိအောင် AA ဘက်က လုပ်ဆောင်ကြိုးစားနေကြောင်းနှင့် အချို့ကိစ္စများတွင် မှန်းထားသည့်အတိုင်း မရောက်နိုင်ခြင်းလည်းရှိသကဲ့သို့ အချို့ကိစ္စများတွင်လည်း မှန်းထားသည်ထက် အများကြီးခရီးရောက်သည်ကို တွေ့ရကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။
“ဆိုတော့ အဲဒီကိစ္စတွေကို ကျနော်တို့မြန်နိုင်သမျှမြန်နိုင်အောင် တော်လှန်ရေးတစ်ခုဆင်နွှဲပြီးတော့ တိုင်းပြည်တစ်ခုအကောင်းဆုံးတည်ဆောက်နိုင်ဖို့ ကျေနော်တို့ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သက္ကရာဇ်တစ်ခု အတိအကျ ပြည်သူတွေကိုပြောလို့မရနိုင်ပါဘူး။ သို့သော်လည်း လက်တွေ့ကျကျတိုက်ပွဲဝင်ဖို့ပြည်သူတွေအနေနဲ့ ဘယ်တော့အဆုံးသတ်မလဲဆိုပြီးတော့ စိတ်ပါလက်ပါမဟုတ်ဘဲနဲ့ မနိုင်ရင်နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်၊ ပြောရမယ်ဆိုရင် ဒီပွဲအတွက် ဘယ်လောက်ကြာကြာ ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အဲဒီလိုသံန္နိဋ္ဌာန်မျိုးကိုချပြီးတော့ ကျနော်တို့အားလုံး စောစောစီးစီးညီညီညွတ်ညွတ်နဲ့ ကျနော်တို့့ အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အလုပ်လုပ်သွားဖို့ကို ကျနော့်အနေနဲ့တိုက်တွန်းလိုပါတယ်” ဖြေကြားခဲ့သည်။
လက်ရှိရခိုင်တွင် ULA/AA ၏ တရားစီရင်ရေးကိစ္စရပ်များတွင် စစ်ကောင်စီဘက်မှဝင်ရောက်စွပ်ဖက်မှုများရှိနေကာ တရားစီရင်ရေးကိစ္စများကို တော်လှန်ရေးဆန််ဆန်ဖြင့် အခက်အခဲများကြားထဲမှ လုပ်ဆောင်နေရကြောင်း သိရသည်။
လက်ရှိရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား အုပ်ချုပ်ရေး၊ စစ်ရေးတို့ အားပြိုင်တင်းမာမှုများရှိနေကာ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မကြာခဏဆိုလျှင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ