သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင် မယူကမ်းဒေသရှိ စောင့်ရှောက်မှုကင်းမဲ့နေသည့်သက်ကြီးရွယ်အိုများကိုထောက်ပံ့ကူညီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 403

နိရဥ္စရာ၊ ဩဂုတ် ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသရှိ ကျေးရွာများတွင် စောင့်ရှောက်မှုကင်းမဲ့နေသည့်သက်ကြီးရွယ်အိုများကို လူမှုအဖွဲ့အချို့နှင့် ပြည်ပရောက်ရခိုင်များက ငွေကြေးနှင့် အသုံးအဆောင်အချို့ကို ထောက်ပံ့ကူညီနေကြသည်ဟု သိရသည်။
မယူကမ်းဒေသရှိ အောင်ဇေကုန်း၊ စဖိုကျွန်း၊ အောက်ကျောင်းတောင်၊ ကံပြင်ကယ်ဆယ်ရေးနှင့် ကံပြင်ရွာ၊ ပြင်ဝမ်း၊ ကျွန်းပေါ်တယောက်၊ ညောင်ပင်လှ၊ စေတီပြင်နှင့် စေတီပြင်ကယ်ဆယ်ရေးစခန်းများတွင် အကူအညီလိုအပ်နေသော စောင့်ရှောက်မှုကင်းမဲ့နေသည့် ဘိုးဘွားများအား စေတီပြင်ပရဟိတလူငယ်အသင်းက ဦးဆောင်၍ ယမန်နေ့ ဩဂုတ်လ ၁၀ ရက်တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့သွားရောက်လှူဒါန်းရာတွင် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိနှင့် စေတီပြင်ကျေးရွာ အိမ်ထောင်ရှိလူလတ်ပိုင်း (မင်းကျွန်ပျို)အသင်းက ဆန်၊ ပဲ၊ ဆားနှင့် ဆပ်ပြာတို့ကို ပူးပေါင်း ထောက်ပံ့ခဲ့ကြသည်ဟု သွားရောက်လှူဒါန်းခဲ့သည့် စေတီပြင်ပရဟိတအသင်းဝင် ကိုအောင်မင်းစိုးက ပြောသည်။
“ကျွန်တော်တို့က တတယ်အကူအညီလိုအပ်နေတဲ့ ဆေးတစ်လုံးထိုးချင်လို့မထိုးရ၊ အာဟာရအတွက် မုန့်တစ်ခုစားချင်လို့မစားရတဲ့၊ သားသမီးရှိလျက်နဲ့ ကျွေးမွေးစောင့်ရှောက်မှုမရှိ၊ သားသမီးမရှိလို့ ခိုကိုးရာမဲ့ဖြစ်နေကြတဲ့ အဘိုးအဘွားတွေကို အလှူငွေအဓိကထားပြီးလှူခဲ့ပါတယ်။ ၅ သောင်း၊ ၄သောင်း၊ ၃ သောင်း အစစ ပေါ့နော်။ လိုအပ်ရင်လိုအပ်သလို ကူညီပေးသွားဖို့ရှိပါသေးတယ်” ဟုပြောသည်။
ဘိုးဘွားများအားလှူဒါန်းသည့်ငွေကြေးများကို စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ မလေး၊ ထိုင်း၊ ကိုးရီးယား၊ တရုတ်နှင့် မကာအိုစသည့် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေကြသည့် ရခိုင်ပြည်နယ် အမြို့မြို့အနယ်နယ်မှ ရခိုင်လူမျိုးများနှင့် စေတီပြင်ပရဟိတအသင်းတို့က ပူးပေါင်းလှူဒါန်းခြင်းဖြစ်သည်။
ကိုအောင်မင်းစိုးက "ကျွန်တော်တို့ မနေ့က သွားလှူတဲ့ထဲမှာ ထမင်းချက်စားဖို့ဆန်မရှိ၊ ဆေးထိုးဖို့ဆေးဝါးခမရှိ၊ ပြီးတော့ တချို့အဖိုး၊ အဘွားတွေဆိုရင် ကြည့်ရှုမဲ့သူမရှိလို့ ဟိုအိမ်ကထမင်းတစ်နပ်၊ ဒီအိမ်ကထမင်းတစ်နပ်ကို ပေးမှစားရတဲ့အဖိုးအဖွားတွေ တွေ့ခဲ့ရပါတယ်။ အမှန်တကယ် အထောက်အပံ့မရှိတဲ့သူတွေကိုကူညီခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်" ဟု ပြောသည်။
စေတနာအလှူရှင်များထပ်တိုးလှူဒါန်းမှုကြောင့် နောက်ထပ်လည်း မယူကမ်းဒေသရှိ ဒိုးဝေချောင်း၊ မော်ထက်၊ ကျောက်ရံ၊ သိမ်တောင်နက်၊ ဆင်အိုးနေဗီဆိပ်၊ ပန်းတောပြင်စသည့်ကျေးရွာများရှိ သက်ကြီးရွယ်အိုများကို သွားရောက်ထောက်ပံ့သွားဦးမည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်လကလည်း စေတီပြင်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာအချို့မှ သက်ကြီးရွယ်အိုအချို့ကိုလည်း ယခုကဲ့သို့ သွားရောက်ထောက်ပံ့ကူညီခဲ့ကြသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ