Preview

၇ခိုင်-ဘင်္ဂလာနယ်ဒေ့ရှ်နယ်စပ်ရှိ တပ်စခန်း ရခုကို စကစတပ်ဖွဲ့များစွန့်လွတ်ခဲ့ရသလိုနယ်မြေဆုံးရှုံးမှုများလည်းရှိနေဟုဆို

သြဂုတ် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :9058
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၁၂/ ၂၀၂၂

စစ်ရေးတင်းမာနေသော ၇ခိုင်-ဘင်္ဂလားနယ်စပ်တစ်လျှောက်မှ နယ်ခြားစောင့်ခန်း ၇ ခုကို စစ်ကောင်စီတပ်ဖွဲ့ကစွန့်လွတ်ခဲ့ရသလို နယ်မြေအများအပြားလည်း ရက္ခိုင့်တပ်တော် ( AA) ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်ဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်(AA)ကဩဂုတ် ၁၁ ရက်နေ့ ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင်  စစ်ကောင်စီသည် နယ်စပ်တွင် ရှိသည့် ၎င်း၏ စခန်း ၇ခုလောက်ကနေ ဆုတ်ခွာသွားခဲ့သည်ဟုဦးခိုင်သုခက ပြောဆိုသည်။

၇ခိုင်က စစ်ကောင်စီစခန်းတွေကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်တဲ့ပုံစံမျိုးတော့ မဟုတ်ပါ။ စစ်ရေးတင်းမာပြီးတစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေဖြစ်ပြီးဖြတ်တောက်ပိတ်ဆို့ကြတဲ့အချိန်မှာ အခက်အခဲတွေကြောင့် ဆုတ်ခွာသွားကြတဲ့စခန်းတွေတော့ရှိပါတယ်။ အထူးသဖြင့် မောင်တော ဘက်မှာစစ်ကောင်စီဘက်က ဆုတ်ခွာသွားတဲ့စခန်းက ရ ခုလောက်ထိရှိပါတယ်ဟု ၎င်းက ပြောသည်။

ထိုသို့ ဆုတ်ခွာသွားသည့် စခန်းများအထဲတွင် အင်အား ၁၀၀ ကျော်ဖြင့်တပ်စွဲထားသည့် နန်းရာကိုင်း စခန်းလည်း ပါဝင်ပြီး ၎င်းစခန်းကို ဩဂုတ် ၅ ရက်နေ့ အေအေတပ်ဖွဲ့ဝင်များလာရောက် မီးရှို့ပစ်ခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောကြားသည်။

သြဂုတ်၂ ရက်နေ့ကလည်း ၇ခိုင်- ဘင်္ဂလာဒေ့ရှနယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် ၄၀ နှင့် ၃၈ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာလည်း ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်နယ်မြေထဲကိုထိုးဖောက်ဝင်ရန် မြန်မာစစ်တပ်ကြိုးပမ်းရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့သည် အကျအဆုံးတချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်ဟု အေအေနှင့် နီးစပ်သောစစ်ရေး သတင်းရပ်ကွက်အရ သိ၇သည်။

၎င်းနောက်ပိုင်း နယ်စပ်တစ်လျှောက်ရှိ စစ်စခန်းငယ်များကိုတစ်ခုပြီး တစ်ခု ရုပ်သိမ်းသွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် နယ်စပ်တစ်လျှောက်ရှိ မိုင်တိုင် ၄၀ မှ  မိုင်တိုင်အမှတ်၅၀ အထိ နယ်မြေများမှာ ရက္ခိုင့်တပ်တော် (  AA) ၏ လက်ထဲကိုကျရောက်သွားပြီဖြစ်ကာ ၎င်းနယ်မြေများသည် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နှင့်နီးကပ်စွာ တည်ရှိသည့်နယ်မြေများ ဖြစ်ကြသည်ဟု သိ၇သည်။

၎င်းပြင် ပလက်၀မြို့နယ်တွင်လည်း တိုက်ပွဲများ နေ့စဉ် ရက်ဆက်ဆိုသလိုဖြစ်ပွားနေသော်လည်း တိုက်ပွဲအများစုမှာ နယ်စပ်ဒေသတွင်မဟုတ်ဘဲ ပလက်၀မြို့ အနီးဝန်းကျင်တွင်ဖြစ်ပွားနေသည်ဟု ပလက်၀ ဒေသခံများက ပြောသည်။

ပလက်၀မြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေကြောင်း၊  စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်မှုရှိကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေသဖြင့်  ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင် ဦးခိုင်သုခကလည်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တိုက်ပွဲဆိုတာထက်ကျနော်တို့ ဒီထိတွေ့မှုတွေက နေ့စဉ်ရက်ဆက်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ကြတာကတော့ မှန်ပါတယ်။ ဆိုတော့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေပစ်နေတာတို့ရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရတာတွေရှိပါတယ်။ ဆိုတော့ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်ဟု၎င်းကပြောသည်။

အမည်မဖော်လိုသူ ဒေသအတွင်း စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦး၏ အပြောအ၇မြန်မာစစ်တပ်သည် မြန်မာ-ဘင်္ဂလာ နယ်ခြားကျောက်တိုင်မိုင်တိုင် (၅၀) မှ (၄၀) သို့ ဆုတ်ခွာလာခဲ့ပြီး လက်ရှိ မိုင်တိုင် (၄၀) အနီးဝန်းကျင်တွင် အင်အားများစုရုံးထားသည်ဟုဆိုသည်။

မောင်တောမြောက်ပိုင်း အထက်ပိုင်း နယ်စပ်တစ်လျှောက်ရှိ စခန်းများ၊အထိုင်စခန်းများ၊ ဗျူဟာကုန်းများကအစ စခန်းအများအပြားကို အေအေက အင်အားအများအပြားဖြင့် ဝိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာအပြင်သို့ ထွက်ကာ မလှုပ်ရှားရဲဘဲ စခန်းတွင် အထိုင်နေကြ၇သည်ဟု ပြောဆိုသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.