ရက္ခိုင့်တပ်တော်(AA) ၏ သတိပေးခြင်းကို ခံထားရသည့်ဒေါက်တာအောင်ကျော်မင်း ဦးဆောင်သည့် ရခိုင်ပြည်နယ်ကောင်စီ၏ ရှေ့အလားအလာမှာ ရက္ခိုင့်တပ်တော် (AA) နှင့် လက်ရှိ စစ်ကောင်စီတို့၏ဆက်ဆံရေးအပေါ်တွင်မူတည်သည်ဟု ရခိုင် ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ ဩဂုတ် (၁၁) ရက်နေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ရက္ခိုင့်တပ်တော် (AA)က ပြည်နယ် ကောင်စီအား ပြင်းပြင်းထန်ထန် သတိပေးမှု ပြုလုပ်ခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ဦးဖေသန်းက ထိုသို့ သုံးသပ် ပြောဆိုသွားခြင်း ဖြစ်သည်။
“ သူတို့မှာလည်း အဲ့လောက်လုပ်ပိုင်ခွင့်ရှိတာမဟုတ်။ တာဝန်ကတော့ပြည်နယ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် စသည်ဖြင့်ရှိနေတယ်ပေါ့။ ဒီလိုသတိပေးမှုထွက်လာပေမယ့် သူတို့ရဲ့ အနာဂတ် အလားအလာက စစ်တပ်နဲ့AA ကြားဆက်ဆံရေးက အဓိကကျတယ်။ သူတို့တွေအကြားဆက်ဆံရေး ပျက်သွားမယ်ဆိုရင် ပြည်နယ်အစိုး၇ပိုပြီး ကြားထဲမှာ ဘေးကြပ်နံကြပ်ဖြစ်မယ်ပေါ့။အဲ့လိုဘဲ မြင်ပါတယ်။ အဓိက စစ်ကောင်စီနဲ့ အေအေ ဆက်ဆံရေးကပဲ အရေးကြီးပါတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်ကောင်စီမှာ လုပ်ပိုင်ခွင့် ရှိသော အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ တိုင်းမှူး၏ ညွှန်ကြားချက်ကို လိုက်လံ အကောင်အထည်ဖော်ပေးရသည့် ရုပ်သေးအစိုးရသာဖြစ်သဖြင့်ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များမှာ နောက်ကနေ လိုက်လံဖော်ဆောင်ပေး၇သည့်အနေအထားမျိုးဖြစ်သည်ဟု ၎င်းကပြောဆိုသည်။
" ၇ခိုင်ပြည်နယ်အစိုးရဆိုတာက ရုပ်သေးအစိုးရပဲ။ အဓိကတော့ တိုင်းမှူးနဲ့နယ်လုံဝန်ကြီးရဲ့ သဘောအတိုင်း စစ်ကောင်စီရဲ့ သဘောအတိုင်း တာဝန်ယူပြီးသရုပ်ဆောင်ပေးရတဲ့သဘောပဲ။ တကယ်တမ်းဆုံးဖြတ်ရတဲ့အခါမှာ စစ်ကောင်စီဖြစ်တဲ့အတွက် စစ်တပ်ရဲ့ သဘောအတိုင်းတိုင်းမှူးနဲ့ နယ်လုံဝန်ကြီးက ဆုံးဖြတ်သွားတာတွေ လိုက်နာ၇တာပါဘဲ။အဲသလို စစ်ကောင်စီက ညွှန်ကြားချက်အ၇တသွေမတိမ်း လိုက်လုပ်၇တာဖြစ်တယ်” ဟုပြောဆိုသည်။
ယခုကဲ့သို့ ပြင်းထန်သည့် သတိပေးမှုမျိုး ယခင်က မရှိခဲ့သဖြင့်ယခုမှ ပြင်းထန်သော သတိပေးမှုထွက်ပေါ်လာခြင်း အပေါ် ဦးဖေသန်းက ယခုလို ဆက်လက်သုံးသပ်ပြောဆိုသည်။
“ ၇ခိုင်ပြည်နယ်ကောင်စီဝင်တွေဟာ ၇ခိုင်မှာကုန်စည်စီးဆင်းမှုကန့်သတ်တာတွေ၊ ဒီလိုတွေဟာလည်း ဘာမှပြောဆိုတည့်မတ်ပေးတာတွေမရှိဘူးပေါ့။လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်။ ဖမ်းဆီးမှုတွေရှိနေတယ်။ ဒီလိုကိစ္စတွေအတွက်တာဝန်ယူရမယ်ဆိုတဲ့ပုံစံမျိုးပေါ့။ဒီလို ကိုင်တွယ်သွားမယ်ဆိုတဲ့ သူတို့ရဲ့အစီစဉ်ကို ပြည်သူတွေကို ချပြတယ်။ ဝန်ကြီးတွေကိုလည်းသတိပေးတဲ့အနေအထားလို့မြင်ပါတယ်” ဟု ပြောဆိုသည်။
ယမန်နေ့က ၎င်းသတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA)၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက "စစ်ကောင်စီရဲ့ရခိုင်ပြည်နယ် အစိုး၇ထဲမှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက် လမ်းကြောင်းမှာအာဏာပါဝါ လုပ်ပိုင်ခွင့်လမ်းကြောင်းနဲ့ဘဲ သာယာနေပြီးစစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင် အခြေအနေရဲ့ လိုအပ်ချက်၊တော်လှန်ရေး လိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်၊ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလိုကိုင်တွယ်သွားမယ်ဆိုတာကို အရင်တုန်းကလည်း သတိပေးခဲ့ပြီးပြီ။ အခုထပ်ပြီး စစ်ကောင်စီလက်ကိုင်တုတ်ရခိုင်ပြည်နယ် အစိုး၇ကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားသတိပေးတယ်"ဟု ပြောဆိုသွားခဲ့သည်။
ရခိုင်ပြည်နယ်ကောင်စီအနေနှင့် ကုန်သွယ်ရေးလမ်းခရီးများတွင်ဂိတ်များဖွင့်ကာ ငွေကြေး ကောက်ခံခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ဖမ်းဆီးမှုများအပေါ် ပြောဆိုတားဆီးမှုမရှိဘဲစစ်ကောင်စီအလိုကျ လုပ်ဆောင် ပေးနေမှုများကြောင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုလျှင် အခြေအနေ၏လိုအပ်ချက်၊ တော်လှန်ရေး လိုအပ်ချက်၊ပြည်သူ့ လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်သွားမည်ဟုဒုတိယ အကြိမ် ပြင်းပြင်းထန်ထန်သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
၇ခိုင်မှာ အမ်း-စစ်တွေအဝေးပြေးကားလမ်းပေါ်တွင်ပင် စစ်ဆေးဂိတ်၁၅ ခုအထိဖွင့်ပြီး ကားများကိုတင်းတင်းကျပ်ကျပ် စစ်ဆေးမှုများကြောင့် ခရီးသွားလာရေးနှင့်ကုန်စည်စီးဆင်းရေး နှောင့်နှေးကြန့်ကြာမှုများရှိနေပြီး စားနပ်ရိက္ခာ၊ ဆောက်လုပ်ရေးကုန်ပစ္စည်းများနှင့်ကုန်ပစ္စည်းသယ်ယူခွင့်များကိုပိတ်ပင်ထားပြီး ငွေကြေးပေးဆောင်နေရမှုတို့ကြောင့် တခြားပြည်နယ်များထက်ကုန်ဈေးနှုန်းမြင့်တက်မှုများလည်းရှိနေသည်။
၇ခိုင်ပြည်နယ် ကောင်စီတွင် အဖွဲ့ဝင် ၈ ဦးရှိပြီး ၎င်းတို့မှာဒေါက်တာအောင်ကျော်မင်း(ဝန်ကြီးချုပ်)၊ဗိုလ်မှုးကြီးကျော်သူရ( လုံခြုံရေးနှင်နယ်စပ်ရေးရာဝန်ကြီး၊ ၇ဲမှူးကြီးသက်လွင်( လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ဦးအောင်မျိုး(လူမှုရေးရာဝန်ကြီး)၊ဦးသန်းထွန်း (သယံဇာတရေးရာဝန်ကြီး)၊ဦးစံရွှေမောင်(စီးပွားရေးရာဝန်ကြီး)၊ဦးတင်လှ(တိုင်းရင်းသားရေးရာဝန်ကြီး)နှင့် ဦးလှသိန်း ဥပဒေချုပ်တို့ဖြစ်ကြသည်။
၎င်းပြည်နယ်ကောင်စီဝန်ကြီးအဖွဲ့သည် အနောက်ပိုင်းတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၏ အမိန့်ကို နာခံကြရပြီး သူ့သဘောတူညီချက်ဖြင့်သာ လုပ်ငန်းများကိုအကောင်အထည်ဖော် လုပ်ကိုင်ကြရသည်ဟု သိ၇သည်။ (NN-7)