နိရဉ္စရာ၊သြဂုတ် ၁၃/၂၀၂၂
ယနေ့ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်းစစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူဦးခိုင်သုခက နိရဉ္စရာကို ပြောသည်။
"ဒီနေ့ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာအထက်မယူတောင်ကျော်လမ်းထဲမှာ မြန်မာစစ်တပ်နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကြားမှာထိတွေ့တိုက်ပွဲဖြစ်တာတော့ရှိတယ်။ အဲ့ဒီထိတွေ့မှုဖြစ်စဉ်အတွင်းမှာ မြန်မာ စစ်တပ်ဘက်ကထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ လက်နက်၊ ခဲယမ်းမီးကျောက်တချို့လည်း ကျနော်တို့ သိမ်းဆည်းရမိထားတာရှိပါတယ်"ဟုပြောသည်။
ယနေ့သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒုံးပိုက်ကျေးရွာအထက် မယူတောင်တန်းတွင် နှစ်ဘက်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်ကကျဆုံးသူ ၃၀ အထက်ရှိကြောင်းနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း အေအေနှင့်နီးစပ်သော သတင်းရင်းမြစ်များအရ သိ၇သည်။
သို့သော်လည်း စစ်ကောင်စီတပ်ဘက်က ကျဆုံးအရေအတွက်၊ ဖမ်းမိခဲ့သည့်သုံပန့် အရေအတွက်နှင့် လက်နက်ခဲယမ်းမီးကျောက် စာရင်းများကို ဦးခိုင်သုခက လောလောဆယ်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။
ယနေ့ မေယုတောင် တိုက်ပွဲ အပြင် မောင်တောမြောက်ပိုင်းဝေလာတောင်အနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲတွင်လည်း စစ်တပ်ဘက်က အထိအခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။
"နောက်တစ်နေရာကတော့ မောင်တောမြို့နယ်မြောက်ပိုင်းဝေလာတောင်ဘက်မှာလည်း ဒီနေ့ ထိတွေ့မှု တချို့ရှိတယ်။ အဲ့ဒီထိတွေ့မှု ဖြစ်စဉ်အတွင်းမှာလည်းမြန်မာစစ်တပ်ဆီက ကျနော်တို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိပါတယ်။ မြန်မာစစ်တပ်ဘက်ကနောက်ထပ် ထိခိုက်ကျဆုံးမှုတွေလည်း ရှိနိုင်ပါတယ်"ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒုံးပိုက်ရွာ နှင့်ချိန်ခါလီရွာအကြား ကားလမ်းမထက်တွင် သေဆုံးနေသော စစ်သား အလောင်းများကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
"ဒုံးပိုက်နဲ့ချိန်ခါလီကြားမှာတွေ့ခဲ့တာ။ဆိုင်ကယ်နဲ့ဖြတ်သွားရင်းပေါ့။ သေနေတဲ့အလောင်းက ၃လောင်း၊ ၄လောင်းလောက် ရှိမယ်ထင်တယ်။ကျွန်တော်လည်း ကြောက်ပြီးတော့ ဆင်းမကြည့်ခဲ့ဘူး။ ဆိုင်ကယ်ကိုအရှိန်မြှင့်မောင်းပြီးပြန်ပြေးလာခဲ့တာ။ဒုံးပိုက်နဲ့ချိန်ခါလီကြားက ကားလမ်းကွန်ကရစ် လမ်းထက်မှာ ကျောပိုးအိတ်တွေနဲ့သေနေကြတာ။မနက်ကဖြစ်တဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီရွာကြားက ကျော်လမ်းမြောင်တိုက်ပွဲက စစ်သားတွေလို့တော့ထင်တယ်"ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်မယူတောင်တန်းအနီးမှ ချိန်ခါလီကျေးရွာသေခံ လူဦးရေ ၅၀၀ ကျော်ခန့်သည် အနီးအနားရှိ ကိုးတန်ကောက် ကျေးရွာနှင့်မေယုတောင် အရှေ့ဘက်တွင် တည်ရှိသည့် သံချောင်း ကျေးရွာနှင့် ကြံတိုင်းအောင်ကျေးရွာ အစရှိသည့်ကျေးရွာများကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ကျေးရွာသားများက ပြောသည်။
တိုက်ပွဲအတွင်း ကျေးရွာသားတစ်ဦးထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။
(NN-7/12)