ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ဒေသခံရွာသား ၄ ဦးဒဏ်ရာရရှိ


နိရဉ္စရာ၊ သြဂုတ် ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာအနီးတောင်တန်းတွင် ယနေ့ ဩဂုတ် ၁၃ ရက် နေ့လယ် ၁ နာရီခန့်က နွားရှာသွားရာမှ မြေမြုပ်မိုင်းပေါက်ကွဲ၍ ကျေးရွာသား ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
မိုင်းထိ၍ဒဏ်ရာရရှိသွားသူများမှာ ဗုဒ္ဓေါကျေးရွာမှ ကိုဝင်းအောင် (၂၁နှစ်)၊ ဦးမောင်ကြီးအောင် (၅၇)နှစ် နှင့်မော်ရွာကျေးရွာမှ ဦးအောင်ဝင်းသိန်း(၃၅နှစ်)၊ ဦးအောင်ချမ်းစိန် (၆ဝနှစ်) တို့ဖြစ်ကြသည်။
၎င်းတို့သည် ဗုဒ္ဓေါရွာအနီးတောင်တန်းသို့ ၎င်းတို့၏နွားများအား ရှာရန် သွားစဉ်တွင် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း ရွာသားများက နိရဉ္စရာသတင်းဌာနကို ပြောသည်။
၎င်းတို့အထဲက ဦးအောင်ချမ်းစိန် (၆၀) နှစ်မှာ ညာဘက်လက်ကောက်ဝတ်မှ ပြတ်ထွက်သွားကာ ဒဏ်ရာပြင်းထန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
တခြားတစ်ဦးဖြစ်သူ ဦးအောင်ဝင်းသိန်းမှာ ညာဘက် ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက်ရရှိပြီး ဒဏ်ရာပြင်းထန်ကြောင်း ၎င်းတို့အား သွားရောက် ကူညီခဲ့သည့် ယိုးချောင်းသုခမေတ္တာ နာရေးကူညီမှုအသင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစိုးမင်းထွန်းကပြောသည်။
"သူတို့မိုင်းနင်းမိတာက ဒီလိုအချိန်မျိုးမှာ ရွာကနွားတွေကို တောင်ပေါ်မှာ ထိန်းကျောင်းကြတယ်။ တဲကိုပြန်မလာတဲ့နွားတွေကို လိုက်ရှာရင်း မိုင်းနင်း မိတာလို့ သိရပါတယ်" ဟု ပြောသည်။
လက်ရှိတွင် အဆိုပါမိုင်းထိ၍ဒဏ်ရာရရှိသွားသူများသည် ယိုးတရုပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ရခိုင်တွင် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။
အလားတူ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲ၍ လူပေါင်း ၄ဝ ကျော်သေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု REC က ထုတ်ပြန်ခဲ့သည်။ (NN- 8/12)

Share: