Preview

UEC က နိုင်ငံရေးပါတီများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံမှုအပေါ်ကန့်သတ်ခြင်းသည် အကျပ်အတည်းနှင့်ယုံကြည်မှုကိုကျဆင်းစေဟုဆို

သြဂုတ် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :9702
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၁၄ /၀၂၂

စစ်ကောင်စီက ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်(UEC) က နိုင်ငံရေး ပါတီများအား နိုင်ငံတကာအစိုး၇များ၊သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုအပေါ်စာထုတ်ကန့်သတ်လိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းနှင့်ပြည်သူများ၏ယုံကြည်မှုကို ကျဆင်းစေသည်ဟုရခိုင်နိုင်ငံရေးပါတီ တာဝန်ရှိသူများက သုံးသပ်ပြောဆိုသည်။

၇ခိုင်အမျိုးသားပါတီ (ANP) ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဒါကို ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေကိုလုပ်ရကိုင်ရ အကျပ်အတည်းဖြစ်အောင် လုပ်လိုက်တယ်လို့ဘဲမြင်တယ်။ ဘာကြောင့်လည်းဆိုရင် လက်ရှိမြန်မာနိုင်ငံရေးဖြတ်သန်းမှုမှာ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေး ပါတီတွေကို စိတ်ဝင်စားမှုအားနည်းနေတဲ့အချိန်မှာပိုပြီးတော့ ယုံကြည်မှုကို အားနည်း လျော့စေတယ်လို့ မြင်တယ်ဟု ပြောသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (UEC)က သြဂုတ်လ (၁၁) ရက်နေ့ နေ့စွဲဖြင့် နိုင်ငံရေးပါတီများသို့ ပေးပို့သောစာတစ်စောင်တွင် နိုင်ငံရေးပါတီများအနေဖြင့်  နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏အဖွဲ့အစည်း သို့မဟုတ် လူပုဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာတွေ့ဆုံခွင့်၇မည်ဖြစ်ကြောင်းပါရှိသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများ၏ အခွင့်အရေးကို ကန့်သတ်လိုက်သည့်အတွက်နိုင်ငံရေးပါတီများ အတွက် အခက်အခဲ အကျပ်အတည်းဖြစ်စေနိုင်သည်သာမက မြန်မာနိုင်ငံအပြောင်းအလအတွက်လည်း ပြည်သူများ၏ မျှော်လင့်ထားမှုအပေါ် ပိုပြီးယုံကြည်မှုကျဆင်းသွားစေသည်ဦးသာထွန်းလှ ကပြောသည်။

၇ခိုင်ဦးဆောင်ပါတီ (AFP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းကို ကန့်သတ်ခြင်းသည်မလိုလားအပ်သည့် ကိစ္စဖြစ်သည်ဟု ပြောသည်။

တွေ့ဆုံဖို့ချိန်းဆိုတဲ့ အချိန်ရှိတယ်ဆိုတော့ တမျိုးပေါ့။  အခုဘဲပြောတယ်မနက်ဖန်တွေ့မယ်ဆိုရင်ဒီနေ့သတင်းပို့ရမယ်ဆိုတာထက် တွေ့ပြီးတဲ့အခါ တွေ့ရတဲ့အကြောင်းအရင်းနဲ့ ဖြစ်စဉ်အကျဉ်းကိုရွေးကောက်ပွဲ ကော်မရှင်က သိသင့်တယ်လို့ယူဆတဲ့အတွက် သတင်းပို့ပေးပါရန်လို့ ညွန်ကြားတယ်ဆိုရင်တော့ ပိုကောင်းတယ်လို့ပဲ မြင်ပါတယ်ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံရေးနှင့်ပတ်သတ်၍ နိုင်ငံတကာ ရှုမြင်သုံးသပ်ပုံနှင့်ပတ်သတ်ပြီး ဥပဒေပြဌာန်း ချက်တွင်ပါသည့်တိုင်အောင် နိုင်ငံတကာသံတမန်များနှင့်ဖြစ်စေ၊နိုင်ငံတကာအဖွဲ့အစည်းဖြစ်စေ ပြည်တွင်း၊ ပြည်ပသတင်းဌာနများနှင့်ဖြစ်စေတွေ့ဆုံခွင့်ပေးသင့်သည်ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်ခွင့်ပြုချက်မ၇ဘဲ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၀၇(ဂ)၊ (၄၀၈)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (စ)ပါ ပြဌာန်းချက်နှင့် ငြိမ်းစွမ်းနိုင်သည်ဟု အဆိုပါထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၀၇(ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (စ) ပြဌာန်းချက်တွင် နိုင်ငံခြားတိုင်းပြည်တခုခု၏အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတခုခု သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးထံမှငွေကြေးပစ္စည်း တခြားအထောက်အပံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ယင်းတို့၏သြဇာခံယူခွင့်မပြုရေးကို စောင့်ထိန်း လိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပါယ်ဖျက်ရမည်ဟု ပါရှိသည်။နိုင်ငံရေးပါတီများ၏နိုင်ငံတကာအစိုးရအဖွဲ့များ အပါအဝင် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက၂၀၂၂ ခုနှစ် ဩဂုတ် ၁၁ ရက် နေ့စွဲဖြင့် စာထုတ်ကာ ကန့်သတ် လိုက်သည်ဟု သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.