စစ်တွေ(ရေချမ်းပြင်)-အငူမော်ရေယာဉ်ကူးတို့လိုင်းနှင့် အငူမော်-မောင်တောကားလမ်းကို အကန့်အသတ်မရှိပိတ်၊ မြန်မာစစ်တပ်က ၎င်းဒေသတွင် အင်အားများထပ်မံဖြည့်တင်းနေ


နိရဉ္စရာ၊ ဩဂုတ် ၁၄/၂၀၂၂

 

ဩဂုတ် ၁၃ ရက်နေ့ဖြစ်ပွားခဲ့သော မေယုတောင်တိုက်ပွဲအတွင်း အထိနာခဲ့သော မြန်မာစစ်တပ်သည် ပြည်သူများ အသုံးပြုနေသည့် ခရီးလမ်းကြောင်းများကို ပိတ်ဆို့ထားလိုက်ပြီး ၎င်းဒေသတွင် ရေတပ်ဇက်သင်္ဘောများဖြင့် အင်အားများထပ်မံဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။  

 

အခု ပိတ်ထားလိုက်တဲ့ ခရီးစဉ်တွေကတော့ စစ်တွေ (ရေချမ်းပြင်)နဲ့ အငူမော်အကြား ရေယာဉ် ကူးတို့လိုင်းတွေဖြစ်ပါတယ်။ ဒီနေ့မနက်က စပြီးသွားလာခွင့် ပိတ်ထားပါတယ်။ အငူမော်ကနေ မောင်တောထိ သွားတဲ့ ကားလမ်းကို ပိတ်ထားပါတယ်။ အခု အသွားအလာ လုံး၀ကင်းမဲ့သွားပါပြီဟု ဆိုသည်။

 

၎င်းနောက် စစ်ကောင်စီတပ်သည် ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်သားများကို အငူမော်ဆိပ်ကမ်းမှ တဆင့် အင်အားများဖြည့်တင်းနေသည်ဟုဆိုသည်။

 

အင်အားကတော့ မနက်က စစ်သား ၁၀၀ ဝန်းကျင်လောက်တော့ရှိမယ်ထင်ပါတယ်။ မနေ့ တိုက်ပွဲ ဖြစ်တဲ့ နေရာက အငူမော်နဲ့ သိပ်မဝေးတော့ အဲဒီဘက်ကို စစ်ကြောင်းထိုးမလားတော့ မပြောတတ်ဘူး။ ပြည်သူတွေက အကုန်လုံးကိုယ့်အိမ်ထဲမှာနေကြတော့ အခြေအနေကို သိပ်မသိကြပါဘူးဟု ပြောသည်။

 

မေယုမြစ်၀ကို ဖြတ်ပြီး ရေချမ်းပြင်-အငူမော်ဆိပ်ကမ်း အကြား ပြေးဆွဲနေသည့် ကူးတို့ စက်လှေများ အားလုံးကို ယနေ့နံနက်မှစတင်ကာ စစ်တပ်က ထွက်ခွာခွင့်ပိတ်ပင်ထားလိုက်သဖြင့် ရန်ကုန်က လာသည့် ကုန်တင်ကားများမှာ အထူအခက်အခဲဖြစ်နေကြသည်ဟု  အငူမော်-မောင်တော ကားသမား တစ်ဦးကလည်း  ပြောသည်။


ဒီနေ့မနက်ကနေ စစ်တပ်က ဘုတ်တွေကို တစ်စီးမှမထွက်ရဘူးလို့ တားမြစ်ထားတယ်။ အခက်အခဲတွေကတော့ လောလောဆယ်ကတော့ စစ်တွေတို့၊ ရန်ကုန်တို့ကနေလာတဲ့ကားတွေက မနေ့ကနေ အငူမော်ဆိပ်ကမ်းမှာ အိပ်ပြီးစောင့်နေရတယ်ဟု ပြောသည်။


လက်ရှိတွင် အငူမော်-မောင်တောကားလမ်းရှိ အငူမော်ဂိတ်၊ ကိုးတန်ကောက်ဂိတ်နှင့် အင်းဒင်ဂိတ်စသည့် နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်များတွင်လည်း ကားများ၊ လူများနှင့် ဆိုင်ကယ်များကိုပါ ယနေ့ နံနက်က စတင်ပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်ဟု သိရသည်။

 

ယခုကဲ့သို့ ရက်အကန့်အသတ်မရှိပိတ်ထားသည့်အတွက် လက်ရှိတွင် အငူမော်ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှတဆင့်တင်ပို့ရမည့် ကုန်များကိုတင်ဆောင်လာသည့်ကုန်ကားများ သောင်တင်နေရပြီး ကုန်စိမ်းကားများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု ကုန်သည်တစ်ဦးက ပြောသည်။


ဒီနေ့ကနေစပိတ်တာ။ ဘယ်နှစ်ရက်ပိတ်မလဲမသိဘူး။ လောလောဆယ်ကတော့ ပိတ်ထားတယ်။ ကားတွေက ဖြတ်လို့ မရဘူး။ ကျနော်တို့ကားတွေ အငူမော်မှာ မနေ့ကနေ သောင်တင်နေတယ်။ ကုန်စိမ်းကားတွေဖြစ်နေတော့၊ ငါးကားတွေဆိုတော့ Air con ဖွင့်ထားရတယ်။ ငါးကားတွေဆိုတော့ ကြာလာရင် ပျက်သွားမယ်လေ။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေး ပြတ်သွားရင် ကုန်စျေးနှုန်းတက်သွားမယ်လေ။ ကျနော်တို့ မောင်တောမှာက ဒီလမ်းကိုပဲ အဓိကထားပြီး သွားနေကြတာလေဟု ပြောသည်။

 

ယမန်နေ့က တိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာသားများမှာ လယ်ယာလုပ်ငန်းခွင်သို့ မသွားရောက်ကြသလို လုပ်ငန်းခွင်သို့လည်း သွားရောက်မှု မရှိကြကြောင်း၊ အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ကြကြောင်း သိရသည်။

 

ယမန်နေ့တစ်ရက်တည်းတွင် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအထက် မယူတောင် ကျော်လမ်းနှင့် မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်အနီးတို့၌ တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားခဲ့သည်။


အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်း ရမိထားသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။ စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးစာရင်းကိုမူ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။


ယခုကဲ့သို့ စစ်ကောင်စီဘက်က အင်အားများထပ်မံဖြည့်တင်းနေသဖြင့် များမကြာမီ တိုက်ပွဲများ ထပ်မံဖြစ်လာနိုင်ခြေရှိနေသည်ဟု ဒေသအတွင်းစစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။


ဓာတ်ပုံ - အငူမော်ဆိပ်ကမ်းအတွင်း သောင်တင်နေရသည့် ကုန်ကားများအား ယနေ့ သြဂုတ်လ ၁၄ ရက် နံနက်က တွေ့ရစဉ်။

Share: