သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော် (AA) မှ ဖြစ်ပွားခဲ့သောတိုက်ပွဲနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများစာရင်းသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 437

နိရဉ္စရာ၊ ဩဂုတ် ၁၅/၂၀၂၂
ရက္ခိုင့်တပ်တော် (AA) မှ ဩဂုတ် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများစာရင်းကို ယနေ့ ထုတ်ပြန်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
------------
“ရက္ခိုင်ပြည် နှင့် ပလက်ဝဒေသ တိုက်ပွဲသတင်း”
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း (၁) နေရာ စသည်ဖြင့် စုစုပေါင်း (၄) နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
(၁) အဆိုပါနေ့၌ ပထမဆုံးသောတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်၊ နံနက် (၇) နာရီ (၃၅) မိနစ်မှ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အထိ နှစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။
မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပူးပေါင်းတပ်သည် မိမိတို့ တပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသောတပ်ဖွဲ့ဝင် အနည်းငယ် နှင့် ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်။
ရန်သူ၏ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့သည်။
(၂) ဒုတိယတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူ ကျေးရွာ၏ မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို့ ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။
တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှ မျက်မြင် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စား ဒဏ်ရာရသူ (၂) ဦးမှလွဲ၍ ကျဆုံးသူများမရှိခဲ့ဘဲ ရန်သူ၏ လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
(၃) တတိယတိုက်ပွဲမှာ ရက္ခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ်လ (၁၃) ရက်၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် မြန်မာစစ်တပ်၏ ခမရ (၃၅၂) တပ်ရင်းသည် မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်။ ရန်သူသည် မိမိတို့အား နေရာ (၃) နေရာမှ ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် တိုက်ပွဲသည် ညနေ (၅) နာရီကျော်အထိ ဆက်လက်ရှိနေခဲ့သည်။ ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ည (၈) နာရီအထိရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သော မိုင်တိုင် (၄၀) နေရာပတ်ဝန်းကျင်၌ ယခုကဲ့သို့သော ကြီးကြီးမားမား တိုက်ပွဲမရှိခဲ့သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နေခဲ့ကြသည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီး သြဂုတ်လ (၁၃) ရက်နေ့တွင်မှ ရန်သူသည် မိမိတို့အား ထိုးစစ်ကို စတင် ပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲမှာ ပြင်းထန်ခြင်းနှင့်အတူ ရန်သူလည်း အထိနာခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ် အချို့၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့သည်။
(၄) သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာ မြောက်ဖက် (၁.၂) ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ ဤနေရာ၌လည်း နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာ နေရာသို့ အဝေးမှ လက်နက်ကြီးများကို အဓိကအားကိုးပြီး ပစ်ခတ်နေပြီး ရန်သူသည် မြေပြင်မှ မတက်လာ သောကြောင့် တိုက်ပွဲများ ကြီးမားစွာဖြစ်ပွားခြင်း မရှိသေးပါ။ ဤတိုက်ပွဲအတွင်းရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိခဲ့ရပါ။
ဩဂုတ်လ (၁၃) ရက်နေ့ တိုက်ပွဲများအတွင်း မိမိတို့ဖက်မှ ရန်သူ့သုံ့ပန်း တစ်ဦးကိုမှ လက်ရဖမ်းဆီးခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသာ သိမ်းဆည်းရမိခဲ့သည်။
သြဂုတ်လ (၁၄) ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြန်မာစစ်တပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ ၎င်းတို့အခြေချ အထိုင် စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်မှ စတင်ပြီး တစ်နေ့လုံးနီးပါး တောက်လျှောက်ပြုလုပ်နေခဲ့သည်။
သြဂုတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။
အလားတူ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် မိမိတို့တပ်စခန်းရှိရာ နေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချ တိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက် ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမို များပြားလာဖွယ်ရှိသည်။
မိမိတို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း စစ်ရေးသတိ၊ အသွားအလာသတိများကို အထူးဂရုပြုကြပါရန်ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

ဆက်စပ် သတင်းများ