သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဆန်စျေးနှင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာ၍ ရခိုင်မှစစ်ဘေးရှောင်များစားဝတ်နေရေး အခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၂
ယခုနောက်ပိုင်း ဆန်စျေးနှင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက် လာမှုတို့ကြောင့် ရခိုင်မှစစ်ဘေးရှောင်များ ယခင်ကထက် ပိုပြီးစားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြသည်ဟု သိရသည်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်အများစုသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပန်းရံအလုပ်လုပ်ကိုင်ခြင်းနှင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသည့်သူများဖြစ်သည်ဟု သိရသည်။
၄င်းတို့တွင် တစ်နေ့လုပ်အားခအဖြစ်ရရှိသည့် ဝင်ငွေဖြင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည့်လက်ရှိအချိန်၌ မိသားစုစားဝတ်နေရေး အဆင်မပြေမှုများစွာဖြစ်ပေါ်နေသည်ဟု စစ်တွေမြို့၊ တေဇာရာမ ဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ ဦးညီချေက နိရဥ္စရာကိုပြောသည်။
"ကိုယ့်အတိုင်းအတာနဲ့ကိုယ် နှစ်နပ် ဝဝလင်လင်စားမယ့်နေရာမှာ ချွေချွေတာတာစားနေရတယ်။ အခက်အခဲကတော့ အစုံပါပဲ။ ဆန်နဲ့ဆီကတော့ ပြောစရာမလိုဘူး။ မိုးထိုးအောင်စျေးတက်နေတယ်။ စျေးတစ်ခေါက်သွားရင် ပိုက်ဆံ ၁ သောင်းလောက်လိုတယ်။ အဆင်မပြေဘူး" ဟု ပြောသည်။
ထိုစခန်းတွင် လူဦးရေ ၅ဝ ခန့်ရှိသည်ဟုလည်း သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့်ဇူလိုင်မှစတင်ကာ ဆန်စျေးများ တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၄ သောင်းခွဲခန့်သာရှိခဲ့ရာမှ ယနေ့ သြဂုတ်လ ၁၆ ရက်တွင် ပျဉ်းမျှ ကျပ် ၆ သောင်းမှ ၇ သောင်းအကြား၊ ယခင်က သီရိဒုံတစ်အိတ်လျှင် ကျပ် ၃ သောင်းကျော်ရှိခဲ့ရာမှ လက်ရှိတွင် ပျဉ်းမျှ ၄ သောင်းမှ ၅ သောင်းကြားတွင်ရှိနေကြောင်း ဆန်အရောင်းဆိုင်များမှ သိရသည်။
ယင်းအပြင် စားသောက်ကုန်စျေးနှုန်းများသည်လည်း ယခင်နှစ်များကထက် အဆမတန်မြင့်တက်လျက်ရှိနေသည်ဟု ဒေသခံများက ပြောကြသည်။
ယခုကဲ့သို့အခြေအနေများတွင် စစ်ဘေးရှောင်များ၌ ယခင်ကကဲ့သို့ အစိုးရအပါအဝင် လူမှုအဖွဲ့အစည်းများကလည်း စားနပ်ရိက္ခာ ထောက်ပံ့ခြင်းများ မရှိသလောက်နည်းပါးနေသည့်အတွက် မိမိတို့ စားဝတ်နေရေးကို မိမိတို့ဘာသာ ပြေလည်အောင် ဖြေရှင်း နေကြရသည်ဟုလည်း ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ ဦးမောင်ကျော်သောင်းက နိရဥ္စရာကိုပြောသည်။
"ဆန်နဲ့စားနပ်ရိက္ခာတွေလည်းမရောက်တော့ အခက်အခဲရှိတယ်။ အလုပ်ကလည်းမရှိဘူး။ မှိုခူး။ မျှစ်ချိုး။ ဟင်းသွားခူးလို့တောင်မရဘူး။ စစ်သားတွေက အမြဲတမ်းသွားလာနေကြတာနဲ့ အဆင်မပြေဘူး။ စားသောက်ရတာတွေလည်း ကြုံရာကျပန်းဖြစ်သလို စားသောက်နေရတယ်။ အငတ်ခံလို့မှမရတာကိုး"ဟု ပြောသည်။
ထိုစခန်းတွင် လူဦးရေ ၃ ထောင်ကျော်ရှိသည်ဟုလည်း သိရသည်။
ရခိုင်ပြည်တွင် လက်ရှိနေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်စုစုပေါင်း ၆ သောင်းကျော်ရှိနေပြီး ၄င်းတို့သည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသူများဖြစ်သည်။
၄င်းတို့၏ရပ်ရွာတောတောင်အနီး မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများကို အစိုးရက တာဝန်ယူရှင်းလင်းပေးမှုမရှိသည့်အတွက် ယခုကဲ့သို့ နေရပ်မပြန်နိုင်သေးခြင်းဖြစ်သည်ဟုလည်း ၄င်းတို့က ဆိုကြသည်။
လက်ရှိတွင် ရသေ့တောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများလည်း ထပ်မံဖြစ်ပွားလာရာ စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်ရေးမျှော်မှန်းချက်မှာ အလှမ်းဝေးသွားပြီဟုလည်း စစ်တွေရှိ တေဇာရာမဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မလုံးက ပြောသည်။
"ဒီနေ့ နက်ဖြန်ထမင်းငတ်မလား။ ဘယ်အချိန်ငတ်မလဲ စိုးရိမ်နေရတယ်။ တိုက်ပွဲတွေတော့ ဆက်မဖြစ်စေချင်တော့ဘူး။ ဒီလိုတိုက်ပွဲတွေသာ ဆက်ဖြစ်နေရင် အိမ်ပြန်ရမယ့်အချိန်က ရခိုင်ပြည်လွတ်လပ်ရေးရတဲ့နေ့ပဲ ပြန်ရမယ်ထင်တယ်" ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာနှင့် ချိန်ခါလိန်ကျေးရွာအကြား မေယုတောင်တန်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲကြောင့် အနီးရှိကျေးရွာများဖြစ်သည့် ချိန်ခါလိန်နှင့် ဒုံးပိုက်ကျေးရွာတို့မှ ရာနှင့်ချီသောဒေသခံများသည် အောင်ဗလ၊ အောင်ဆိပ်၊ မကျည်းချောင်း၊ သံချောင်း၊ ကိုးတန်ကောက်နှင့် ကြံတိုင်းအောင် အစရှိသည့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သံချောင်းရွာဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေသူတစ်ဦးက ပြောသည်။
"အခုအတိုင်းအတာရတော့ လကိုတာရှည်သွားမယ်လို့ မြင်နေရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာလည်း သိပ်မပြောတတ်သေးဘူး။ နေရပ်မပြန်နိုင်သေးဖို့ဘက်ကတော့ များတယ်" ဟု ပြောသည်။
ရခိုင်မှ မြို့နယ် (၉)မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်းဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလခရီးစဉ်အတွင်း ဆန်အိတ် ၅၅၀၀၀ ကျော်ကို လှူဒါန်းခဲ့ပြီး ထိုဆန်များမှာ ဖြန့်ဝေမည့်နေရာများကိုရောက်ရှိနေပြီဖြစ်သော်လည်း ဖြန့်ဝေမည့်ကိစ္စကို စစ်ကောင်စီက တားမြစ်ထားသည်ဟု သိရသည်။
ယင်းသို့ အခြားသူများက လှူဒါန်းသည်ကို ခွင့်မပြုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ပြီး ခက်ခဲကျပ်တည်းနေသည့် စစ်ဘေးရှောင်များ၏ ဘဝကို ပိုပြီးခက်ခဲအောင်လုပ်နေရာရောက်သည်ဟုလည်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။ (NN-12)

ဆက်စပ် သတင်းများ