Preview

ခရီးသွားလာရေးလမ်းကြောင်းများ အပိတ်ခံထား၇သည့် ပလက်၀တွင် ဆန်လုံး၀ ဝယ်ယူ၍မရနိုင်သည်အထိ ပြတ်လပ်နေ

သြဂုတ် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8696
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၁၆/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်ကနေ သွားလာနေသည့် ခရီးသွားလာရေးလမ်းကြောင်းများကို စစ်ကောင်စီဘက်က ပိတ်ပင်ခံထား၇သည့်အတွက် ပလက်၀တွင် ဆန်လုံး၀ ဝယ်ယူ၍မရနိုင်သည့်အခြေအနေသို့ရောက်ရှိနေကြာင်း ပလက်၀ဒေသခံများက ပြောသည်။
အဆိုပါခရီးသွားလာရေးလမ်းကြောင်းကို ပိတ်ခံထားရသည်မှာ လက်ရှိတွင် ရက်ပေါင်း ၁၀ ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ပလက်၀မြို့သို့ ဆန်နှင့်အခြားအခြေခံစားသောက်ကုန်ပစ္စည်းများ ထပ်မံ၍မတင်သွင်းနိုင်သဖြင့် ဆန်ပြတ်လပ်ကာ အခြေခံစားသောက်ကုန်များအားလုံး ဈေးနှုန်းများအဆမတန်မြင့်တက်နေကြောင်း ပလက်၀ဒေသခံများက ပြောသည်။
ထို့သို့လမ်းကြောင်းပိတ်ခံလိုက်၇ပြီးနောက်ပိုင်း ပလက်၀မြို့ပေါ်ရှိဆန်များကို ငွေကြေးတတ်နိုင်သူများက ကြိုတင်စုဆောင်းသည့်အနေဖြင့် ဝယ်ထားလိုက်သည့် အတွက် မြို့ပေါ်တွင် ဆန်များကို ဝယ်ယူ၍လုံး၀မရတော့သလို ရောင်းမည့်ဆန်မရှိဖြစ်နေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အခုဆန်ကမရှိတော့ဘူး။ ပြတ်နေတယ်။ ဝယ်ချင်လို့တောင်ဝယ်လို့မရတော့ဘူး။ ရှိတာလေးတွေနဲ့တော့ စားနေရတယ်အခု။ ပိုက်ဆံရှိတဲ့သူတွေမှာတော့ အများဝယ်ထားလိုက်ကြတယ်။ အရင်တစ်ပတ်လောက်ကတော့ မွန်ထောင့်က ဆန်တွေရောက်ခဲ့သေးတယ်။ ဆန်ဝယ်ထားလိုက်ကြတဲ့သူတွေဆီမှာတော့ ရှိနေကြမှာပဲ။ အမတို့မှာတော့ လက်ကျန်ဆန်နှစ်တောင်းကုန်ရင်တော့ ဘယ်လိုလုပ်၇မလဲမသိတော့ဘူး” ဟုပြောသည်။
ပလက်၀တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေသည့်ကြားက ကျောက်တော်ဘက်မှ ဆန်ရိက္ခာသယ်ဆောင်သည့် စက်လှေအချို့ရောက်ရှိလာခဲ့သဖြင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် ၈ သောင်းကျော်နှုန်းဖြင့် ဝယ်ယူ၍ရခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် အဆိုပါကုန်သယ်ပို့သည့် စက်လှေငယ်များမှာလည်း ရောက်ရှိလာခြင်းမရှိသဖြင့် ဆန်ပြတ်လပ်နေ၇ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိပလက်၀တွင် ဆန်အပြင် ငါးခြောက်၊ ဆီနှင့်အခြား အခြေခံစားသောက်ကုန်များမှာလည်း ဝယ်ယူရရှားပါးနေပြီး စက်သုံးဆီတစ်လီတာလျှင် ငွေကျပ် ရ ထောင်ဝန်းကျင်ဖြင့် ဝယ်ယူနေ၇ကြောင်း ပလက်၀မြို့ခံတစ်ဦးက ပြောသည်။
“အခုက တောင်လမ်းကရော၊ ရေလမ်းကရော တခုမှလည်း လာခွင့်မပြုဘူး။ ဆန်တွေကဝယ်လို့မရတော့ တောင်ယာလုပ်တဲ့သူတွေမှာ မနှစ်ကကျန်ခဲ့တဲ့ ဆန်အဟောင်းတွေကို ထိုးပြီးရောင်းတာလည်း ရှိတယ်။ အဲဒီလိုရောင်းတာကိုတောင် အလုအယက်ဝယ်ကြရတယ်။ အဲဒါတောင် ဝယ်လို့မရလိုက်တာရှိတယ်” ဟုပြောသည်။
၇ခိုင်ပြည်နယ်မှ ပလက်၀မြို့သို့သွားလာနေသည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ပလက်၀အခြေစိုက် စစ်ကောင်စီအမှတ်(၂၈၉) တပ်ရင်းက ပိတ်ထားခြင်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါလမ်းပိတ်ထားခြင်းကြောင့် ယင်းဒေသအတွင်းရှိ ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစ၍ ပလက်၀မြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကာ စစ်ကောင်စီဘက်မှလည်း ခမ၇ ၂၈၉ တပ်၊ လာမွေတောင်၊ ရေအေးစခန်းနှင့် စိမ့်စင်းတောင်ကုန်းတို့မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။ (NN-8)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.