Preview

မောင်တောတွင် နေအိမ်ပိုင်ရှင်အမျိုးသမီးကို ဓားဖြင့်ထိုးကာ ဓားပြတိုက်၍ ငွေကျပ်သိန်း ၂၀ ကျော်နှင့် ရွှေအများအပြားပါသွား

သြဂုတ် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :6161
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိနေအိမ်တစ်လုံးတွင် အိမ်ရှင်အမျိုးသမီးကို ဓားဖြင့်ထိုးကာဓားပြတိုက်သွားသည့်အတွက် ငွေကျပ်သိန်း ၂၀ ကျော်နှင့် ရွှေအများအပြားပါသွားပြီး အိမ်ရှင်အမျိုးသမီးလည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိ၇သည်။
ဓားပြတိုက်ခံ၇သည့်နေအိမ်သည် မောင်တောမြို့၊ အမှတ်(၃) မြို့ရွာ ရပ်ကွက်၊ မြို့ဦးဘုန်းကြီးကျောင်းအနီးရှိ အိမ်ဖြစ်သည်။
ဓားပြတိုက်သူများသည် အဆိုပါနေအိမ်သို့ ယနေ့သြဂုတ်လ ၁၇ ရက်၊ ညဥ့် ၁ နာရီခန့်က အိမ်အပေါ်ထပ်ရှိ ဝရံတာမှနေ၍ အိမ်ထဲသို့ ဝင်ရောက်ကာ အိမ်အောက်ထပ်ရှိ အိမ်ရှင်အမျိုးသမီးအိပ်ခန်းဆီသို့သွားရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင်အမျိုးသားဖြစ်သူက ပြောသည်။
ဓားပြတိုက်နေချိန်တွင် အိမ်ရှင်အမျိုးသားဖြစ်သူမှာ အိမ်အပေါ်ထပ်ဝရံတာတွင် အိပ်နေပြီး အိမ်ရှိ သားနှင့်သမီးမှာလည်း အခန်းကိုယ်စီနှင့်အိပ်နေခြင်းဖြစ်၍ ဓားပြတိုက်ခံနေရခြင်းကိုမသိခဲ့ဘဲ ဓားပြတိုက်ခံရပြီးမှ အမျိုးသမီးဖြစ်သူက အိမ်ပေါ်အထပ်သို့တက်ကာ လှုပ်နိုးပြောပြမှ သိ၇ခြင်းဖြစ်ကြောင်း ပြောသည်။
“သူပြောရင် သူ့ကိုသတ်မယ်လို့လည်း ပြောတယ်တဲ့။ ဓားပြတိုက်တဲ့လူတွေက။ ဓားပြတိုက်ခံရပြီးမှ ကျနော့်ဆီကိုလာပြီး နိုးပြီးအော်ပြောတာ၊ အစတုန်းကတော့ သူကယောင်ပြီးပြောနေတာထင်တယ်။ နောက်မှ သူ့လက်မောင်းက သွေးကိုမြင်တာ။ သူလာပြောပြီးတဲ့နောက်မှာ သတိမေ့သွားတာ။ ဘယ်လိုမျိုးဖြစ်သွားလဲဆိုတာလည်း သေချာမေးလို့မရသေးဘူး။ လည်ပင်းမှာရွှေဆွဲကြိုးတွေ မဝတ်ထားလိုက်လို့တော်သေးတယ်။ မဟုတ်ရင်မလွယ်ဘူး။ ရွှေကတော့ အများပါသွားတယ်” ဟု ပြောသည်။
ဓားပြတိုက်သည့် လူနှစ်ဦးသည် မျက်နှာဖုံးစွပ်ထားကာ သက်ကြီးပိုင်းများဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
ဓားပြတိုက်ခံ၇မှုကြောင့် ငွေကျပ် ၂၅ သိန်းနှင့် ရွှေအများအပြားပါသွားပြီး ရွှေမည်မျှပါသွားကြောင်းကို လက်ရှိတွင် အမျိုးသမီးဖြစ်သူ စိတ်မူမမှန်နိုင်သေးသည့်အတွက် မေး၍ မ၇သေးကြောင်း သူက ဆက်ပြောသည်။
“သူက စိတ်ကကြောက်စိတ်ဝင်နေတော့ အများကြီးလည်းမေးလို့မ၇သေးဘူး။ စိတ်က ကယောင်ချောက်ချားဖြစ်နေတုန်းပဲ”ဟု ပြောသည်။
ဓားပြတိုက်ခံလိုက်ရသည့် အိမ်ရှင်အမျိုးသမီးသည် အသက် ၄၂ နှစ်ခန့်ရှိပြီး ဓားပြများ၏တိုက်ခိုက်မှုကြောင့် ဘယ်ဘက်လက်မောင်းတွင် ဓားဒဏ်ရာ ၁ ချက်နှင့် ဝမ်းဗိုက်တွင်လည်း ဓားထိုးဒဏ်ရာ ၁ ချက်ရရှိခဲ့သည့်အတွက် မောင်တောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိ၇သည်။
ယခုဖြစ်စဉ်ကို မောင်တောမြို့မရဲစခန်းသို့ တိုင်ချက်ဖွင့်ထားကြောင်း သိ၇သည်။
အဆိုပါရပ်ကွက်တွင် ယခင်က ခိုးမှုအနည်းအကျဉ်းရှိခဲ့သော်လည်း ယခုကဲ့သို့ ဓားပြတိုက်မှုများမရှိခဲ့ကြောင်း ရပ်ကွက်သားများက ပြောသည်။
ပြီးခဲ့သည့်ညဥ့်က ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာရှိ နေအိမ်တစ်အိမ်တွင်လည်း ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေကျပ် သိန်း ၁၀၀ ခန့် အခိုးခံလိုက်ရကြောင်း သိ၇သည်။
ရခိုင်တွင် လက်ရှိ ခိုးဆိုးလုယက်မှုများ မြို့နယ်တိုင်းတွင်ဖြစ်ပေါ်လျက်ရှိပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်းမရှိဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ (NN-8)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.