ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေ(ရေချမ်းပြင်)-ရသေ့တောင်(အငူမော်)-မောင်တော ရေလမ်းနှင့် ကားလမ်းကို စစ်တပ်ကပိတ်ထား၍ ကျန်းမာရေးကိစ္စသွားလာမှု ခက်ခဲနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်မှ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ ကူးတို့လိုင်းနှင့် အငူမော်မှ မောင်တောသို့သွားသည့်ကားလမ်းတို့ကို စစ်တပ်ကပိတ်ထား၍ ကျန်းမာရေးကိစ္စသွားလာရမှုတွင် အခက်အခဲများဖြစ်ပေါ်နေရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ် ဂရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်က “မနေ့က ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်။ အဆုတ်လည်း သိပ်မကောင်းတော့ စစ်တွေကို သွားချင်တယ်။ ဒီမှာက speed boat လည်းငှားမရတော့ အစ်ကို့ကို အကူအညီိတောင်းတယ်။ အစ်ကိုက မြို့နယ်စီမံကောင်စီဗိုလ်ကြီးကို ဖုန်းဆက်တယ်။ သူက ညီလေးကျန်းမာရေးကိစ္စဆိုရင် သွားလို့ရတယ်။ သွား သွားဆိုပြီး လွှတ်လို့ သွားခဲ့တယ်။ ဗောဓိကုန်းဂိတ်ကိုရောက်တယ်။ အဲဒီမှာ ဗိုလ်မှူးနဲ့စကားပြောခိုင်းလို့ ပြောလို့အဆင်ပြေလို့ ဆက်သွားတယ်ပေါ့။ သရေကုန်းဘောင်နားကိုရောက်တဲ့အခါ ပြန်ကွေ့လာပါဆိုပြီးတော့ ဖုန်းခေါ်တယ်။ ဒါကြောင့် ပြန်ကွေ့လာရတယ်” ဟုပြောသည်။
ယခုကဲ့သို့သာ လမ်းများဆက်လက်ပိတ်ပင်ထားမည်ဆိုပါက ဒေသတွင်းကျန်းမာရေးအခြေအနေများ ဆိုးဝါးလာနိုင်သည့်အပြင် ကုန်စျေးနှုန်းများလည်း ယခုထက်ပိုမိုတက်လာနိုင်သည်ဟု ဦးချစ်ထူးခိုင်က ဆက်လက်ပြောဆိုသည်။
“ဒီလိုပိတ်ထားရင် မောင်တောမြို့မှာကျန်းမာရေးအခြေအနေတွေ အရမ်းကို ဆိုးရွားလာနိုင်တယ်။ နယ်ဘက်တွေကလည်း ဖုန်းဆက်တယ်၊ သူတို့ငတ်တော့မယ်ဆိုပြီးတော့။ ကုန်စျေးနှုန်းတွေကတော့ ဂျက်လေယာဉ်ထက်မြန်တယ်။ နောက်ထပ်လည်း လမ်းပိတ်ထားရင် စျေးတွေကတက်လာဦးမယ်။ အဲဒါကို ငါတို့အနေနဲ့မေးချင်တယ်။ ပြည်နယ်အစိုးရက ထိုင်ခုံကထိုင်ပြီးကြည့်နေမှာလားလို့”ဟု မေးခွန်းထုတ်ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်တွေ(ရေချမ်းပြင်)-အငူမော်အကြား ကူးတို့လို်င်းနှင့် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမှ မောင်တောမြို့သို့သွားသည့်ကားလမ်းတို့ကို သြဂုတ်လ ၁၄ ရက်၊ နံနက်မှစ၍ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ လမ်းများပိတ်ဆို့ထားသည့်အတွက် လက်ရှိမောင်တောမြို့တွင် အခြေခံစားကုန်များဖြစ်သည့် ယခင် ငွေကျပ် ၄ သောင်းကျော်ရှိခဲ့သည့် ဆန်တစ်အိတ်လျှင်လည်း ငွေကျပ် ၅ သောင်းကျော်အထိ၊ ငရုတ်သီးအခြောက် တစ်ပိသာလျှင်လည်း ငွေကျပ် ၂ သောင်း၊ ကြက်ဥ ၃ လုံးလျှင် ငွေကျပ် ၁ ထောင်နှင့် စားသုံးဆီများလည်း စျေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တောင်ပိုင်းရှိ ခရေမြိုင်ကျေးရွာသားတစ်ဦးက ရွာထဲတွင် အခြေခံစားကုန်အချို့မှာ ပစ္စည်းပြတ်လပ်နေပြီး ရွာပြင်သို့ထွက်၍လည်း ငါး၊ ဟင်းမရှာနိုင်ဖြစ်နေကာ စားရေးသောက်ရေးအခက်အခဲဖြစ်နေကြကြောင်း ပြောသည်။
“ရွာကဆိုင်သည်တွေကလည်း စျေးသွားဝယ်မရတော့ ဆိုင်မှာလည်း ပစ္စည်းတွေမကျန်တော့ ဆိုင်ကိုအားကိုးပြီး ၀ယ်စားနေကြရတဲ့ ရွာသားတွေမှာလည်း စားစရာဘာမှမရှိတော့ဘူး။ မနေ့ကရွာကကလေးတစ်ယောက် နေမကောင်းလို့ ဆေးခန်းသွားပြမယ်ဆိုတာတောင် သွားခွင့်မရဘူး။ ရွာမှာကလည်း ဆရာဝန်တို့၊ သူနာပြုတို့ကမရှိတော့ အခက်အခဲဖြစ်ရတယ်။ အိမ်မှာဆန်လောက်ပဲရှိတော့တယ်။ အခြားစားကုန်တွေဆိုကုန်ခါနီးနေပြီ” ဟုပြောသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းတွင်လည်း နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းကာ အခြေချထားသည့် ကြိမ်ချောင်းအမှတ် ၂၄ ဂိတ်တွင် ဒေသခံများခရီးသွားလာမှုကို တားမြစ်ထားသည်ဟု သိရသည်။
လက်ရှိတွင် အငူမော်-မောင်တော ကားလမ်းကို စစ်တပ်ကပိတ်ထားသဖြင့် ရသေ့တောင်မြို့နယ်မှ အဆိုပါနေရာများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် နေ့စားအလုပ်သမားများနှင့် အစိုးရဝန်ထမ်းအချို့မှာလည်း သွားလာရအခက်အခဲဖြစ်နေရသည်ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ကိုအောင်မင်းစိုးက ပြောသည်။
“လူတွေ ခရီးသွားလာရေးနဲ့ ကျောက်ပန္ဒူနဲ့ အင်းဒင်တို့ဘက်က တစ်ရက်စာတစ်ရက် ငါးတွေကို ရောင်းဝယ်လုပ်တဲ့ လက်လုပ်လက်စားတွေအတွက်လည်း အခက်အခဲရှိနေပါတယ်။ နောက်ပြီးတော့ ၀န်ထမ်းတွေဆိုရင်တောင် ကိုယ့်ရွာကိုပြန်လာပြီးတော့ ပြန်သွားမယ့်အခါ လမ်းပိတ်သွားတော့ အခက်အခဲဖြစ်နေကြတယ်။ ကုန်စျေးနှုန်းတွေကတော့ အဆမတန်စျေးနှုန်းမြင့်တက်သွားတယ်” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဖုန်းနှင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
မောင်တောင်မြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပေါ်တွင် ယမန်နေ့သြဂုတ်လ ၁၆ ရက်၊ နံနက်ကလည်း မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ