ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေမှ အမျိုးသမီးငယ် ဓားထိုးအသတ်ခံရမှု ကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးကြရန် မိသားစုများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ သြဂုတ် ၁၇/ ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမျိုးသမီးငယ် ၁ ဦး ဓားထိုးအသတ်ခံရမှု၌ ကျူးလွန်သူကိုဖော်ထုတ်အရေးယူပေးကြရန် မိခင်ဖြစ်သူ ဒေါ်အေးနုခင်က နိရဥ္စရာမှတဆင့် တောင်းဆိုလိုက်သည်။
“အမှုမှန်ပေါ်အောင် စစ်ဆေးပေးစေချင်တယ်။ အခု အန်တီ့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ အငယ်ဆုံးသမီးလေး။ လူအရိပ်အကဲလည်း ဘာမှသိတာမဟုတ်ဘူး။ အန်တီ့ကမ္ဘာ ပျက်သွားတယ်။ အသက်လည်း မရှိတော့ဘူး။ မျှော်လင့်ချက်လည်း မရှိတော့ဘူး။ အန်တီက ဒီအမှုကို အမှုမှန်ပေါ်စေချင်တယ်။ သမီးဆုံးသွားပေမဲ့ နောက်လူတွေ ဒီလိုမဖြစ်ရအောင် အမှန်တရားကို ဖော်ထုတ်ချင်တယ်။ နောက် ရခိုင်သူတွေ ဒီလိုမဖြစ်ရအောင်။ အန်တီ့သမီးအမှုမှန်ပေါ်သွားရင် မကောင်းတဲ့ဒုစရိုက်လုပ်သူတွေလည်း ဆက်ပြီးလုပ်ရဲတော့မှာမဟုတ်ဘူး။ အမှုမှန်ပေါ်အောင် လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်" ဟု ပြောသည်။
ဓားထိုးအသတ်ခံလိုက်ရသူမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းဖြစ်သည်။
သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက် နေ့လယ်က စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ဆိုလာနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရောင်းနေစဉ် ဓားဖြင့်အထိုးခံရ၍ ဆိုင်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားသည့် မနွယ်သန္တာဝင်းသည် ဆိုင်ခန်းထဲရှိ ဗီနိုင်းတစ်ခုပေါ်တွင် တစ်ကိုယ်လုံးရေစိုလျက် ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာ ၂ ချက်နှင့် လည်ပင်းတွင်လည်း လက်ဖြင့်ညှစ်ထားသည့် ညိုမဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းအပြင် သူမ၏ ပေါင်၌လည်း သဲများပယ်ကျံကာ ဘောင်းဘီတိုလည်း လိပ်တက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်အေးနုခင်က ပြောသည်။
"တစ်နေရာရာမှာ တမင်ကြံစည်သတ်ဖြတ်ပြီးမှ သယ်ပြီးချထားပုံရတယ်" ဟု ပြောသည်။
အလောင်းအား စစ်တွေမြို့၊ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ခွဲစိပ်စစ်ဆေးခဲ့သော်လည်း ဆေးစစ်ချက်များကို ရန်ကုန်သို့ပို့လိုက်ရပြီး ရန်ကုန်မှပြန်ရောက်မှသာလျှင် ဆေးစစ်ချက်အဖြေရရှိမည်ဟု ဆရာဝန်က ပြောဆိုလိုက်ကြောင်း သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးဆန်းဝင်းက နိရဥ္စရာကို ပြောသည်။
"ဆရာဝန်က ဆေးစစ်ချက်ကို ခဏပဲပြတယ်။ တောင်းလို့တော့ မရဘူး။ ရန်ကုန်ကို တင်ရမယ်။ အဲ့ဒီကရောက်မှ ပြန်ရမယ်လို့ပြောတယ်" ဟု ပြောသည်။
မနွယ်သန္တာဝင်းသေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ရဲတပ်ဖွဲ့ကိုတိုင်ကြားထားရာ ရဲက သေဆုံးသူအကြောင်းကိုသာ မိသားစုများကိုစစ်ဆေးလျက်ရှိပြီး ဆိုင်ပိုင်ရှင်နှင့် အခြားသံသယရှိသူများကို ဖမ်းဆီးစစ်ဆေးမှုမရှိကြောင်း မိခင်ဖြစ်သူ ဒေါ်အေးနုခင်က ပြောသည်။
"ရဲကစစ်ဆေးတော့ ရည်းစားရှိလားပဲ စစ်ဆေးတယ်။ ကြိုက်လို့ ပြန်မကြိုက်လို့ ဓားထိုးသတ်ခဲ့တာဖြစ်မယ်လို့ပဲပြောတယ်။ ကျွန်မသမီးလေးမှာ ရည်းစားမရှိဘူး။ အိမ်မှာဆိုလည်း ကလေးလိုပဲနေနေတာ။ သံသယရှိသူတွေကို ရဲက ဖမ်းပုံလည်း မရဘူး။ စစ်ဆေးနေတယ်လို့ပဲပြောတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ယခုကိစ္စကို ရက္ခိုင့်တပ်တော်(AA)သို့လည်း တိုင်ကြားထားပြီး AA အနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ပေးစေလိုသည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။
ယင်းအမျိုးသမီးငယ်အသတ်ခံရမှု အမှုမှန်မပေါ်ပေါက်သေးခင် သူမ၏အလောင်းကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီတွင် သင်္ဂြိုလ်လိုက်ရပြီဖြစ်သည်။
သူမ၏နောက်ဆုံးခရီးသို့ ဒေသခံ ထောင်နှင့်ချီလိုက်ပါပို့ဆောင်ခဲ့ကြသည်ဟုလည်း သိရသည်။
သေဆုံးသွားသည့် မနွယ်သန္တာဝင်းသည် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး ၁ ဘာသာဖြင့်အောင်မြင်ထားသူဖြစ်သည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ