စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်တွင် စစ်တပ်ကဖမ်းဆီးသွားသူ ၄ ဦးနှင့် လုံးဝအဆက်အသွယ်မရ၍ မိသားစုများ အထူးစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

နိရဥ္စရာ၊ သြဂုတ် ၁၇ /၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်တပ်က ဖမ်းဆီးသွားသူ ၄ ဦးနှင့် လုံးဝ အဆက်အသွယ်မရ၍ မိသားစုများ အထူးစိုးရိမ်နေကြကြောင်း သိရသည်။
စစ်တပ်၏ဖမ်းဆီးခြင်းကို ခံလိုက်ရသူများမှာ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ဦးမောင်စောသာ (၅၃ နှစ်)နှင့် ခရီးသည် ၂ ဦး၊ ကျောက်တော်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ တိုင်းရင်းဆေးဆရာ ဦးကျော်ဟိန်း (၃၉ နှစ်)တို့ဖြစ်ကြသည်။
သူတို့ ၄ ဦးအနက် ဦးမောင်စောသာနှင့် သူ၏ခရီးသည် ၂ ဦးတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင် မဟာမုနိဘုရား မြောက်ဘက်မုခ်အနီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ဦးမောင်စောသာဖမ်းဆီးခံလိုက်ရသည့်နေ့မှစ၍ ရက်ပေါင်း ၂ဝ ခန့်အကြာ ယနေ့အထိ အဆက်အသွယ်လုံးဝမရသေးသလို စုံစမ်း၍လည်း လုံးဝမရဖြစ်နေသည်ဟု ဇနီးဖြစ်သူ ဒေါ်မအေးခင်က နိရဥ္စရာကိုပြောသည်။
“အတိုင်းအထက်အလွန် စိုးရိမ်နေရပါတယ်။ သေသွားပြီလို့လည်း ပတ်ဝန်းကျင်တွေက ပြောကြတယ်ဆိုတော့ ကျမ အများကြီး ခံစားရပါတယ်။ ဘယ်ကိုရောက်လို့ ဘယ်ပျောက်နေမှန်းလည်း မသိဘူး။ ဒီကြားထဲ သေသွားပြီလို့ ပြောကြတယ်။ အမျိုးမျိုးသတင်းထွက်ပေါ်နေတော့ အဲဒါတွေကြောင့် ကျမ အများကြီးစိုးရိမ်တယ်။ ဒါကြောင့် ကျမအမျိုးသား ဘယ်ကိုရောက်နေလဲ။ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကို သိချင်ပါတယ်”ဟု ပြောသည်။
ဦးမောင်စောသာတွင် တစ်ခါတလေ ဗိုက်အောင့်သည့်ဝေဒနာရှိပြီး သူ၏ကျန်းမာရေးအတွက်လည်း စိုးရိမ်နေမိသည်ဟု ဆက်ပြောသည်။
ယင်းနေ့က ဦးမောင်စောသာလိုက်ပို့သည့်ခရီးသည် ၂ ဦးသည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းမသိရသေးသော်လည်း သူတို့ ၃ ဦးစလုံးကို ၁၇ ရက်တိုင်တိုင်ဖမ်းဆီးချုပ်နှောင်မထားသင့်ဟုလည်း ဦးမောင်စောသာ၏သူငယ်ချင်းတစ်ဦးက ပြောသည်။
“စစ်ကြောရေးမှာဆိုရင်လည်း ရမန်ကြီး တစ်ပတ်ကျော်သွားပြီ။ အမှုဖွင့်တယ်ဆိုရင်လည်း ရဲတို့၊ တရားရုံးတို့ကို အမြန်ဆုံးလွှဲပေးစေချင်တယ်”ဟု ပြောသည်။
ဦးမောင်စောသာသည် ဇနီးဖြစ်သူနှင့် နှစ်ဦးတည်းနေထိုင်သူဖြစ်ပြီး နံနက်ပိုင်းတွင် ရွာစျေး၌ အထည်များရောင်းကာ နေ့လယ်ပိုင်းတွင် ဆိုင်ကယ် ကယ်ရီဆွဲတတ်ကြောင်း သိရသည်။
အလားတူ ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ တိုင်းရင်းဆေးဆရာ ဦးကျော်ဟိန်းသည်လည်း ဇူလိုင် ၁၉ ရက် ည ၉ နာရီကျော်ခန့်တွင် ကျောက်တော်ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုသရန် သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
သူနှင့်လည်း ယနေ့အချိန်အထိ ၁ လခန့်ကြာ အဆက်အသွယ်မရသေး၍ သူ့စိတ်ကြောင့် ကျန်းမာရေးထိခိုက်နေရပြီး မိသားစုစားဝတ်နေရေးလည်း ခက်ခဲနေရသည်ဟု ဇနီးဖြစ်သူ ဒေါ်မအေးသန်းက နိရဥ္စရာကို ပြောသည်။
“အဆက်အသွယ်လည်း ရချင်တယ်။ ဘယ်နေရာမှာရှိတယ်ဆိုတာလည်း သိချင်ပါတယ်။ ကျမယောက်ျားဖမ်းဆီးခံရပြီးချိန်ကနေ ကျမလည်း သတိလစ်ပြီး နေမကောင်းဖြစ်လို့၊ စိုးရိမ်ကြောင့်ကြဖြစ်နေရပါတယ်။ အပြစ်မရှိဘဲ ဖမ်းသွားတာလို့ပဲ ထင်ပါတယ်။ ကျမယောက်ျားက ရိုးရိုးသားသားနဲ့ လုပ်စားနေတာပါ”ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ဦးကျော်ဟိန်းတွင် အစာအိမ်ရောဂါရှိ၍ သူ့ကျန်းမာရေးကို စိုးရိမ်သည်ဟုလည်း ပြောသည်။
ဦးကျော်ဟိန်းတွင် ဇနီးဖြစ်သူနှင့်အတူ သားသမီး ၄ ဦးရှိပြီး ၂ဝ၁၉ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွား၍ ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် ထွက်ပြေးခိုလှုံနေရသူများဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်နေသည့် သူတို့ ၄ ဦးကို ကျောက်တော်မြို့ရှိ စကခ(၉)ဟုခေါ်သည့် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြား အတည်ပြု၍ မရခဲ့ပါ။
လက်ရှိ ရခိုင်တွင် စစ်တပ်က စစ်ရေးအင်အားတိုးချဲ့မှုများကို ဆက်တိုက် လုပ်ဆောင်နေသလို AA နှင့်ဆက်စပ်သံသယရှိသူများကိုလည်း ဖမ်းဆီးခြင်းအပြင် ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်ကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများလည်း ရှိနေသည်ဟု သိရသည်။
ယင်းအပြင် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် AA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး နှစ်ဘက် စစ်ရေးတင်းမာလျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ