သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အပေါက်ဝရွာမှ ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁ဝဝ ခန့်အခိုးခံရမှု သံသယရှိသူ ၄ ဦးကို AA ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ နေအိမ်တစ်အိမ်မှ ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁ဝဝ ခန့်အခိုးခံရမှုတွင် သံသယရှိသူ ၄ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီဟု သိရသည်။
သံသယရှိသူ ၄ ဦးမှာ အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်မှဖြစ်သည်။
သူတို့ကို ယနေ့ သြဂုတ်လ ၁၈ ရက် ညဥ့်အချိန်တွင် သူတို့၏နေအိမ်များမှတဆင့် AA တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွှေနှင့် ပိုက်ဆံများအခိုးခံလိုက်ရသူ ဒေါ်ချိုချိုက နိရဥ္စရာကိုပြောသည်။
“သဲလွန်စတွေရလို့ အတိအကျကို လိုက်ဖမ်းတာပါ။ ကျမတို့လည်း အတိအကျမဟုတ်ဘဲ မလုပ်ဘူး”ဟု ပြောသည်။
သူတို့ ၄ ဦးအနက် ၁ ဦးသည် ယမန်နေ့က အပေါက်ဝရွာရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်သို့လာရောက်ကာ ရွှေထည်ပစ္စည်းအချို့ကို လာရောက်ချိန်တွယ်ခဲ့ရာမှ သံသယဖြင့်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် အဆိုပါသံသယရှိသူများကို ပတ်ဝန်းကျင်အတွင်း စောင့်ကြည့်နေသည်မှာ ကြာပြီဟုလည်း အခိုးခံလိုက်ရသည့် ဒေါ်ချိုချိုက ပြောသည်။
“ကျမကတော့ ဒီလူတွေကိုချောင်းနေတာတော့ ကြာပါပြီ။ သူတို့ဟာ ကျမတို့ ပတ်ဝန်းကျင်မှာ သောင်းကျန်းနေတာလည်း ကြာပါပြီ။ ဒီလူတွေဟာ မိသားစုဘဝကို ပျက်စီးအောင်လုပ်နေတာလည်း ကြာပါပြီ။ ဒါကြောင့် ကျမကတော့ ဒီလူတွေကို ကျေနပ်အောင်အထိ လုပ်ပစ်ချင်ပါတယ်။ ပါသွားတဲ့ပစ္စည်းဥစ္စာတွေကိုလည်း ကျမ ရအောင်ယူမယ်”ဟု ပြောသည်။
ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁ဝဝ ခန့်အခိုးခံလိုက်ရသူမှာ အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်ရှိ အင်္ဂလိပ်ရေကန်အနီးမှ ဒေါ်ချိုချိုသည်။
သူမသည် သမီးငယ်ဖြစ်သူနှင့်အတူ သြဂုတ်လ ၁၆ ရက် ညက သူမ၏နေအိမ်မှ အနည်းငယ်အလှမ်းဝေးသည့် မိခင်ဖြစ်သူ၏နာရေးအိမ်သို့သွားပြီး ညဥ့် ၂ နာရီခန့်တွင် နေအိမ်သို့ပြန်လာစဉ် အိမ်အပေါ်ထပ်ရှိ သေတ္တာများကို ဖွင့်ဖောက် အခိုးခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံများကို ပြည်ပတွင် အလုပ်လုပ်နေသည့် သူမ၏အမျိုးသားဖြစ်သူနှင့် သားဖြစ်သူတို့၏လုပ်အားခများနှင့် စုဆောင်းထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါနေအိမ်တွင် ဒေါ်ချိုချိုနှင့် သမီးငယ်ဖြစ်သူတို့ ၂ ဦးတည်းနေထိုင်ကြသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ