သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်မှထပ်တိုးစစ်ဘေးရှောင်များအား အရေးပေါ်ကူညီရန် စစ်တွေတွင် အလှူငွေကောက်ခံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်းဖြစ်ပွားလာနေသည့်တိုက်ပွဲများကြောင့် ထပ်မံတိုးလာနေသည့် စစ်ဘေးရှောင်များအား အရေးပေါ်ကူညီထောက်ပံ့နိုင်ရန် စစ်တွေရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက မြို့ပေါ်၌ အလှူငွေများ လှည့်လည်ကောက်ခံနေသည်ဟု သိရသည်။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသည် ယနေ့ သြဂုတ်လ ၁၈ ရက် နံနက်တွင် စစ်တွေမြို့ မြို့မစျေးရှေ့၌ အလှူငွေများ ကောက်ခံလျက်ရှိပြီး ယမန်နေ့မှစတင်ကာ စစ်တွေရှိ ဦးဥတ္တမပန်းခြံရှေ့တွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာကိုပြောသည်။
"အရင်တုန်းကရှိတဲ့ စစ်ဘေးရှောင်တွေက အရမ်းများတော့ မဖြစ်နိုင်ဘူး။ အခုရတဲ့ငွေကလည်း အဲ့ဒီလောက်ထိ စစ်ဘေးရှောင်တွေကို လှူဖို့မဖြစ်နိုင်ပါဘူး။ အခုအသစ်ဖြစ်နေကြတဲ့ စစ်ဘေးရှောင်တွေ အရေးတကြီးအခက်အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်တွေကို လှူမယ်" ဟု ပြောသည်။
အလှူငွေများကို မနက်ဖြန်တစ်ရက် ဆက်လက်ကောက်ခံသွားဦးမည်ဖြစ်ပြီး ရရှိသည့်အလှူငွေများအားလုံးကို စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆန်နှင့်အဝတ်အထည်များကို ဝယ်ယူကာ လာမည့် သြဂုတ်လ ၂၃ ရက်တွင် သွားရောက်ထောက်ပံ့ပေးသွားမည်ဟု ဆက်ပြောသည်။
“ကျန်းမာရေးအတွက်ဆိုရင် ပိုက်ဆံတွေ လှူသွားမယ်”ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအနီး ၁ နေရာ၊ မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ၁ နေရာနှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလိန်ကျေးရွာအကြား မေယုတောင်တန်းတွင် ၁ နေရာ၊ စုစုပေါင်း နေရာ (၃)ခုတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မှ ချိန်ခါလိန်ကျေးရွာ၊ ဒုံးပိုက်ကျေးရွာနှင့် အောင်သုခကျေးရွာတို့မှ ဒေသခံများသည် ရသေ့တောင်မြို့နယ်ရှိ အောင်ဗလ၊ အောင်ဆိပ်၊ မကျည်းချောင်း၊ သံချောင်း၊ ကိုးတန်ကောက်နှင့် ကြံတိုင်းအောင် အစရှိသည့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
အဆိုပါကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေသည် ယနေ့ သြဂုတ်လ ၁၈ ရက်အထိ စုစုပေါင်း ၆ဝဝ ကျော်သွားပြီဟု ကူညီပေးနေသည့် စေတီပြင်ပရဟိတအသင်းမှ ကိုအောင်မင်းစိုးက ပြောသည်။
၄င်းတို့တွင် စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေပြီး ၄င်းတို့နေရပ်ဒေသအနီးတွင် လက်ရှိလည်း စစ်ရေးတင်းမာလျက်ရှိနေသေးသည့်အတွက် လောလောဆယ် နေရပ်ပြန်ရန် မဖြစ်နိုင်သေးဟု စစ်ဘေးရှောင်တစ်ဦးက နိရဥ္စရာကိုပြောဆိုထားသည်။
ယခင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်တို့အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်လည်း လူပေါင်း ၆ သောင်းကျော်လည်း ကျန်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)စာရင်းအရ သိရသည်။
သူတို့သည်လည်း စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ လိုအပ်လျက်ရှိနေကြကြောင်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ