နိရဉ္စရာ၊ ဩဂုတ် ၁၉/၂၀၂၂
တိုက်ပွဲဖြစ်ပွားခဲ့ရာ ရသေ့တောင်မြို့နယ် အငူမော်ကစပြီးမောင်တောအထိ ကားလမ်းတလျှောက်ရှိ ကျေးရွာများ၏ အပြင်သွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့အချိန်ထိကန့်သတ်ပိတ်ဆို့ထားသဖြင့် ကျေးရွာအများအပြားတွင် ရိက္ခာများပြတ်လပ်နေသည်ဟု သတင်းရရှိသည်။
ထိုသို့ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကျေးရွာများအထဲတွင်မောင်တောတောင်ပိုင်း၌ တည်ရှိသည့် မြိုလူမျိုးများနေထိုင်ရာ မြိုယုကျေးရွာလည်းပါဝင်ရာ ထိုရွာမှ အမျိုးသမီးများအပါအဝင် ရွာသား ၅၀ ခန့်မှာမေယုတောင်ကို ကျော်ပြီး ခြေကျင် ၄ နာရီခန့် သွားရသည့် စေတီပြင်ရွာသို့ လာရောက်ကာ ဆန်လာဝယ်ခဲ့ကြသည်ဟုသိ၇သည်။
“ သူတို့က ရွာမှာ ဆန်လုံး၀ ပြတ်သွားပေမယ့် မောင်တောကို သွားတဲ့လမ်းကို ပိတ်ထားတဲ့ အတွက် သွားလို့ မ၇ဘူး။ ဒါကြောင့် လူပေါင်း ၅၀ ခန့်က ဒီမေယုတောင်ကို ခြေကျင်ကျော်ဖြတ်ပြီး စေတီပြင်ဈေးကိုဆန်လာဝယ်ကြတယ်။ စေတီပြင်ရွာသားတွေကတော့ သူတို့ကို ဆန်တွေ ရောင်းချပေးတဲ့ အပြင် ထမင်းတွေကျွေးပြီးပြန်လည်ပို့ဆောင်လိုက်ပါတယ်” ဟု စေတီပြင်ကျေးရွာမှ လူမှုရေးဆောင်ရွက်နေသူ ကိုအောင်မင်းစိုးကပြောသည်။
စေတီပြင်ကျေးရွာမှ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်မဲလုံးမကလည်းသူတို့အတွက် ငရုတ်သီးခြောက် တစ်အိတ်၊ တစ်ဦးလျှင် ဆီလီတာ တစ်ဝက်စီ၊ မာမီခေါက်ဆွဲထုပ်များနှင့်မုန့်များကို အိမ်ထောင်စုတစုတိုင်ကို လှူဒါန်းလိုက်ပြီး မခင်မြတ်သူကလည်း ရာသီဥတုပူပြင်းသောကြောင့် စေတီပြင်မှ တေပါကားကြီးတစီးဖြင့် လိုက်ပို့ဆောင်ရန် အတွက်ငွေငါးသောင်းကျပ်(ကားခ) ကူညီလိုက်သည်ဟု သိ၇သည်။
စေတီပြင်ကျေးရွာမှစေတနာရှင် မိန်းမကြီးမိန်းမငယ်များစုပေါင်းပြီး မြိုရွာသား ၅၀ခန့်အား နံနက်စာ ထမင်းဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ဆန်များလှူဒါန်းပေးခဲ့သည်ဟု သိ၇သည်။
မြိုယုကျေးရွာမှ ဦးခင်မောင်သိန်းက"ကျွန်တော်တို့မှာ အခုလက်ရှိက တကယ့်ကိုအခက်အခဲရှိနေတယ်။ ဟိုဘက် ဒီဘက်ထွက်လို့မ၇ဘူး။ လူငါးယောက် ဆန်ငါးဘူးစားမယ့်အခြေအနေမှာ နှစ်ဘူး။ သုံးဘူးချက်စားနေ၇တယ်။ လုံး၀မဖြစ်နိုင်လို့စေတီပြင်ရွာက ဆန်နဲ့စားနပ်ရိက္ခာတွေ သွားဝယ်ယူနေ၇တာပါ။ အခုဆိုရင်ရွာမှာရိက္ခာလုံး၀ပြတ်လပ်နေပါပြီ" ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။
၎င်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း၁၀၄ ဆောင်နှင့် လူဦးရေစုစုပေါင်း ၆၆၂ယောက် ရှိကြောင်းသိ၇သည်။
၎င်းမြိုကျေးရွာသည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္တူနှင့် ၇သေ့တောင်မြို့နယ် စေတီပြင် ကျေးရွာ အကြားဖောက်လုပ်ထားသည့် ကားလမ်းဘေးတွင် ရွာသစ်တည်ထားသော ကျေးရွာဖြစ်ပြီး မောင်တောမြို့နယ်ဘက်ခြမ်းတွင် တည်ရှိကြောင်း သိ၇သည်။
(ဓာတ်ပုံ- အောင်မင်းစိုး/ စေတီပြင်)