သြဂုတ်၂၀/ ၂၀၂၂
ဩဂုတ် ၁၈ ရက် ည၁၀ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားသည် စစ်တွေရှိ တိုက်တန်းတစ်ခုအားဝင်ရောက်ပြီး တရုတ်နိုင်ငံသား ၃ ဦး၏ ပတ်စ်ပို့နှင့် တစ်ခြား စာရွက်စာတန်း အထောက်အထားများကိုရှာဖွေခဲ့သည်။
မျက်မြင်များအရ အပြောအ၇ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ အထက်နှင့် မီးသတ်၊ လ၀က၊ ရပ်ကွက်မှ လူကြီးများ၊ စုစုပေါင်းအင်အား ၁၀၀ ခန့်သည် စစ်တွေမြို့ရှိရွှေပြည်သာ တိုက်တန်းမှ အခန်းတစ်ခုအား ဝင်ရောက်ရှာဖွေကာ တရုတ်နိုင်ငံသား ၃ ဦး၏ ပတ်စ်ပို့နှင့်တခြားစာရွက်စာတန်းများကို သိမ်းယူသွားခဲ့သည်ဟု တိုက်ခန်းနေသူများကပြောသည်။
တိုက်ခန်းနေသူအမျိုးသမီးတစ်ဦးက “ဒီအတိုင်းညနေ ထမင်းစားနေတာပြတင်းပေါက် ဖွင့်ကြည့်လိုက်တာနဲ့စစ်သားတွေ အများကြီး။ အောက်မှာလည်း သေနတ်တွေနဲ့ ဝိုင်းထားတယ်။ ဘာမှန်းလည်း မသိဘူး။အရမ်းကြောက်သွားတယ်လေ။ အိမ်ပေါ်တွေကို တက်ပြီးစစ်တယ်။ စစ်တဲ့အခါ အဆောင်တိုင်းကိုစစ်တာတော့ မဟုတ်ဘူး။ ကျမတို့အဆောင်နဲ့ နောက်တစ်ဆောင်ကို စစ်ခဲ့တယ်။ စစ်သားတော့အပေါ်ကိုတက်စစ်တဲ့အထဲမပါဘူး”ဟုပြောသည်။
ထိုကဲ့သို့ တရုတ် နိုင်ငံသား ၃ ဦး၏ ပတ်စ်ပို့နှင့်အထောက်အထားများကို ဝင်ရှာဖွေခြင်းမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က ၎င်း တရုတ်လူမျိုး ၃ဦးကို ပင်လယ်ပြင်အတွင်းရေတပ်ကကယ်ဆယ်ခဲ့၇သည့် ဖြစ်စဉ်နှင့် ပတ်သက်သည်ဟု သိ၇သည်။
ဝင်ရောက်ရှာဖွေရာတွင်ပါဝင်ခဲ့သူ အစိုး၇ဝန်ထမ်းတစ်ဦးက “သူတို့ရဲ့ ပတ်စပို့တွေဟာ သူတို့နေတဲ့တိုက်ခန်းမှာကျန်လိုက်တယ်ဆိုလို့ ဝင်လို့ရှာတာပါ။ ကျောက်ဖြူက ကြေးနန်းစာလာတဲ့အတွက် အဲဒီမှာသူတို့ထားခဲ့တဲ့နေရာတွေကိုဖွင့်ဖောက် စစ်ဆေးပြီးတော့ ပတ်စ်ပို့တွေကိုရှာတာပါ။ လ၀ကနဲ့၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေပါ၊ရဲတပ်ဖွဲ့ပါ၊ မြို့နယ်စီမံအဖွဲ့ဝင်ပါ အားလုံးဝင်ပြီးတော့ ရှာဖွေပြီး ပတ်စ်ပို့တွေနဲ့ စာရွက်စာတန်းတွေကိုဝင်ပြီးတော့ ယူတာလောက်ပါ”ဟု ပြောသည်။
သို့သော် သူတို့နှင့်ပတ်သက်ပြီးနောက်ထပ်အချက်အလက်များကို သူထပ်၍ မသိတော့ကြောင်း ပြောသည်။
သူတို့ကိုမည်သည့်နေရာတွင် ကယ်ဆယ်ခဲ့ရပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည် ဆိုသည့် အသေးစိတ်အချက်အလက်များကိုသိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ဦးလှသိန်းနှင့်ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
သူတို့၏အခန်းကိုဝင်ရောက်ရှာဖွေပြီးနောက် စစ်တပ်နှင့်ရဲများသည် တိုက်ခန်းနေသူ အများအပြားကိုလည်းဧည့်စာရင်းဝင်စစ်ခဲ့သဖြင့်တိုက်ခန်းနေပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့၇သည်ဟု တိုက်ခန်းနေသူများကပြောသည်။
ယင်းသို့ဧည့်စာရင်းဝင်စစ်ရာတွင် အခန်းများကိုဖွင့်ကြည့်ကာ ဧည့်စာရင်းတိုင်၍ရှိ/မရှိ၊အခန်းတွင်း နေထိုင်သူများ၏စာရင်း၊နေထိုင်သူများ၏ အလုပ်အကိုင်၊ မိဘအမည်စသည်တို့ကို မေးမြန်းခဲ့ပြီး နေထိုင်သူများကိုဓာတ်ပုံများပါ ရိုက်ယူသွားခဲ့သည်ဟု သိ၇သည်။
ရွှေပြည်သာတိုက်တန်းတွင်တိုက်ခန်းစုစုပေါင်း ၇၂ ခန်းရှိပြီး ပြီးခဲ့သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။