နိရဉ္စရာ၊သြဂုတ် ၂၀/၂၀၂၂
စစ်ကောင်စီ၏ဝန်ကြီးနေရာများကို အပြောင်းအလဲလုပ်ဆောင်မှုအပေါ်၇ခိုင်ပြည်သူလူထုအနေနှင့် စိတ်ဝင်စားမှုမရှိသလို နိုင်ငံရေးအခြေအနေသည်လည်း တစ်စုံတစ်ရာ ပြောင်းလဲစရာမရှိနိုင်ဟု အမြင်ရှိကြသည်ဟု ၇ခိုင်ဒေသခံများနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများကဆိုသည်။
လက်ရှိအစိုးရမှာ စစ်အစိုးရဖြစ်၍ ၎င်းတို့၏ပြောင်းလဲလုပ်ဆောင်မှုများအပေါ် ပြည်သူများအနေနှင့်ထူးထူးခြားခြား မျှော်လင့်စရာမရှိသလို စစ်ကောင်စီ၏ ဝန်ကြီးနေရာအပြောင်းအလဲအပေါ် တွင်လည်း စိတ်မဝင်စားမှု မရှိကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။
"ပြည်သူတွေကဘယ်လိုအမြင်ရှိလဲဆိုရင် ဒီအစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်မဟုတ်၊ လွှတ်တော်လည်းမရှိ။အခုအုပ်ချုပ်နေသူတွေဟာ စစ်တပ်ဘက်ကလာသူတွေဖြစ်တဲ့အတွက် ထူးထူးခြားခြား မျှော်လင့်စရာမရှိဆိုတဲ့အမြင်မျိုးရှိတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်လောက်ပြောင်းပြောင်း ဘာမှသိပ်ထူးခြားမှာမဟုတ်ဘူးဆိုတဲ့တစ်ထစ်ချ ယုံကြည်သွားတဲ့အတွက် ပြည်သူတွေဟာနိုင်ငံရေးကို သိပ်စိတ်မဝင်စားကြတော့ဘူးလို့ပဲ ထင်တယ်" ဟု ပြောသည်။
စစ်ကောင်စီကယမန်နေ့ သြဂုတ် (၁၉) ရက်နေ့ကအစိုး၇အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
ဝန်ကြီးချုပ်နေရာ၊ဗဟိုဘဏ်ဥက္ကဋ္ဌနေရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန(လ၀က)ဝန်ကြီးနေရာ၊စစ်ဌာနချုပ်တိုင်းမှူးနေရာတချို့တို့ကို ပြောင်းလဲခြင်း၊ အစားထိုး ခန့်အပ်ခြင်းများရှိခဲ့ပြီး ဝန်ကြီးတချို့ကိုရာထူးကအနားယူခွင့်ပြုကြောင်း ကြေညာခဲ့သည်။
လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို အနားပေးပြီး အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးမြင့်ကြိုင်ကို အစားထိုးခန့်အပ်ခဲ့သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်းရာထူးကနေ အနားပေးခဲ့သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းနှင့် ဒုဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်တို့ကို အနားပေးခဲ့ပြီးဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်ပြီး ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။
တိုင်းနှင့်ပြည်နယ် အချို့တွင်နယ်လုံဝန်ကြီးများကို အရွေ့အပြောင်း လုပ်ခဲ့သော်လည်း ၇ခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာထူးများတွင်တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိသည်ကို တွေ့၇သည်။
ဦးဝေဟင်အောင်က "မနေ့က ဖွဲ့စည်းပုံပြောင်းလဲတဲ့အထဲမှာ ၇ခိုင်ပြည်နဲ့ပတ်သက်ပြီးတာ့ထူးထူးခြားခြားမပါဘူး။ ပြည်ထောင်စု ထဲမှာတော့ သူတို့အဆင်မပြေလို့ထင်တယ်။ ချစ်နိုင်တို့လိုလူတွေကိုအပြောင်းအလဲ လုပ်တာတွေ့တယ်။ အစားထိုးတယ်ပေါ့။ထူးထူးခြားခြားဆိုရင် မွန်အပါအဝင် တခြားပြည်နယ်တွေမှာ နယ်လုံဝန်ကြီးအပြောင်းအလဲလုပ်တယ်။ချင်းမှာတော့ ဝန်ကြီးချုပ်ကို အပြောင်းအလဲလုပ်တယ်။ ရခိုင်နဲ့ပတ်သက်ပြီး ပြောင်းလဲတာမျိုးကိုမတွေ့ရဘူး။ ၇ခိုင်ကတော့ နဂိုအတိုင်းပဲ ဆက်သွားမယ် ထင်ပါတယ်"ဟု ဆက်လက်ပြောသည်။
စစ်ကောင်စီအနေနှင့်လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန်ကြေငြာထားပြီး ရွေးကောက်ပွဲအတွင်စတင်ပြင်ဆင်နေစဉ်မှာ ယခုကဲ့သို့ ထိပ်ပိုင်းနေရာတချို့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏အပြောင်းအလဲများမှာ ရခိုင်ပြည်နယ် နိုင်ငံရေးအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ မရှိနိုင်ဘဲ စစ်အစိုး၇အနေနှင့် ရေရှည်နိုင်ငံတော်အာဏာကို ရယူနိုင်ရန်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်းဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဉ္စရာကို ပြောသည်။
"ရခိုင်ပြည်နိုင်ငံရေးအပေါ်မှာတော့သက်ရောက်မှု တစုံတစ်ရာမရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ မနေ့ကပြောင်းလိုက်တဲ့ နစကရဲ့ဖွဲ့စည်းပုံ၊ပြင်ဆင်ပုံ၊ ရာထူးတာဝန်ယူမှုတွေကို ကြည့်လိုက်တဲ့အခါ ရေရှည်သွားမယ့် အစီစဉ်တစ်ခုကိုချမှတ်တယ်လို့မြင်တယ်။ အစောပိုင်းက တစ်နှစ် အာဏာထိန်းဖို့ ပြောတယ်။ နောက်နှစ် ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ဖို့ပြောတယ်ပေါ့လေ။အခုက တချို့လူပုဂ္ဂိုလ်တွေ၊ ရာထူးတွေကို ဖြုတ်လိုက်တယ်။ ဒါတွေကြည့်ချင်းအားဖြင့် လက်ရှိတာဝန်ယူထားတဲ့စစ်အစိုးရဟာ ရေရှည် နိုင်ငံတော်အာဏာကို ယူဆောင်သွားမှာ ဖြစ်တယ်လို့ ပြသလိုက်ရာရောက်တယ်လို့တော့ကျနော် သုံးသပ်ပါတယ်" ဟု ပြောသည်။
ရခိုင်ပြည်သူများအနေနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် စစ်ကောင်စီ၏လုပ်ဆောင်ချက်များအပေါ် ထူးခြားပြောင်းလဲမှု တစ်စုံတစ်ကြောင်မရှိနိုင်ကြောင်းနားလည်လက်ခံထား၍ စစ်ရေးအရ ဖြေရှင်းမှသာ ရခိုင်ပြည်ပြောင်းလဲရေးမျှော်လင့်နိုင်မည်ဟုပြောဆိုကြသည်။
(NN-7)