အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းအများအပြားကို အေအေကဖြတ်တောက်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

နိရဉ္စရာ၊ ဩဂုတ် ၂၁/ ၂၀၂၂

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကုန်လမ်းသယ်ယူပို့ဆောင်ရေး ထောက်ပို့ လမ်းကြောင်း အများအပြားကို ရက္ခိုင့်တပ်တော် (AA)က ဖြတ်တောက်ထားလိုက်ပြီဖြစ်သည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသူများက ပြောကြားသည်။

သို့အတွက် စစ်ကောင်စီလက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် သူတို့ ထောက်ပို့လုပ်ငန်းများကို ရဟတ်ယာဉ်နှင့် ရေတပ်ဇက်ရေယာဉ်များကိုသာ အဓိကအားထား အသုံးပြုနေကြရသည်ဟု ၎င်းတို့က ဆိုသည်။

 အနောက်ပိုင်းတိုင်းရှိရာ အမ်းကနေ စစ်တွေမြို့ အထိ ဘယ်စစ်ကားမှ ကားလမ်းကို အသုံးပြုသွားလာလို့ မရသလို ကြည်းတပ်အနေနဲ့လည်း ခြေကျင်လျှောက်ပြီး သွားလာလို့လည်း မရတော့ဘူး။ အေအေက ကမ်းလမ်းတစ်လျှောက် နေရာအများအပြားကို ဖြတ်တောက် ထားလိုက်ပါပြီဟု စစ်ရေးလေ့လာနေသူ မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

သို့အတွက် စစ်ကောင်စီ တပ်စခန်းများသို့ အင်အားထပ်ဖြည့်ရာတွင် ဖြစ်စေ၊ ရိက္ခာများပို့ဆောင်ရာတွင် ဖြစ်စေ ကုန်းတွင်းပိုင်း တပ်စခန်းသို့  ရဟတ်ယာဉ်များကို အသုံးပြု ပို့ဆောင်နေရသလို မြစ်ကမ်းအနီး၌ တည်ရှိသည့် မြို့များရှိ တပ်ရင်းများနှင့် စခန်းများသို့လည်း မြစ်ကြောင်းသွားဇက်ရေယာဉ်များဖြင့် ပို့ဆောင်နေရသည်ဟု ဆိုသည်။

အနီးစပ်ဆုံးပြောရရင် စစ်တွေကနေ ကျောက်တော်ကို စစ်တပ်ကားတွေနဲ့ သွားလာလို့ မရတော့သလို စစ်ကြောင်းတွေလည်း ခြေကျင်ဖြစ်စေ၊ ကားတွေနဲ့ ဖြစ်စေ သွားလာလို့ မရတော့ဘူး။ နေရာအများအပြားကို အေအေက ဖြတ်တောက် ထားတဲ့ အတွက် အကုန်လုံး ချေမှုန်းခံသွားရနိုင်တယ်။ ဒါကြောင့် စစ်တွေကနေ ကျောက်တော်မြို့ကို ရိက္ခာ၊ စစ်လက်နက်ပစ္စည်းတွေ ပို့ရင် ရေတပ် ဇက်ရေယာဉ်တွေနဲ့ ကုလားတန်မြစ်ကြောင်း အတိုင်း ပို့ဆောင်နေကြရပြီ။ အဲသလို အနေအထားမျိုး ဖြစ်သွားပြီဟု ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် မြို့ပေါ်ရှိ တပ်ရင်းများနှင့် သူတို့ တပ်စခန်းရှိရာနေရာများတွင် အထိုင်ချ နေထိုင်ခြင်းသာရှိပြီး စစ်ကြောင်းထိုးခြင်း၊ စစ်ကြောင်းများဖြင့် အေအေတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံး၀ မပြုလုပ်နိုင်တော့ဟု ဆိုသည်။

ပြောရရင်တော့ဗျာ။ မြို့ပေါ် နေရာတွေလောက်ကိုဘဲ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်တယ်။ မြို့ပြင်နေရာတွေ အားလုံးက အေအေ ထိန်းချုပ်သွားပြီ။ စစ်တွေမြို့မှာတောင်မှ စစ်တပ် တပ်ရင်းတွေ ရှိတဲ့ နေရာလောက်သာ သူတို့ စိုးမိုးနိုင်တာ။ မြို့ပေါ်အထိ အေအေက ထိန်းချုပ်ထားတဲ့ အနေအထား ရှိတယ်။ အေအေက  စစ်တွေမြို့ပေါ်က စစ်အရာရှိတွေ အပါအဝင် စစ်သားတွေနဲ့ သူတို့  အလိုရှိတဲ့ သူတွေကိုတောင် မကြာခဏ တက်ဖမ်းနေတာ။ ဒါတွေကို ကြည့်ရင် အေအေရဲ့ ဩဇာအာဏာ ဘယ်လောက်ထိ ကျယ်ပြန့်လာသလဲဆိုတာ သိနိုင်ပါတယ်ဟု စစ်ရေးသုံးသပ်သူ နောက်ထပ် တစ်ဦးကလည်း ပြောသည်။

၎င်းပြင် စစ်ရေးဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်း ကားလမ်းတစ်လျှောက်ကိုလည်း ရက္ခိုင့်တပ်တော် ( AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ စခန်းအပြင်ကို ထွက်သည်နှင့် တိုက်ပွဲဖြစ်ပွားသည်ဟု ဆိုသည်။ သို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ စခန်းများကို ရဟတ်ယာဉ်များဖြင့် ရိက္ခာနှင့် စစ်အင်အားများကို ပို့ဆောင် ဖြည့်တင်းနေရသည်ဟု သိရသည်။

၎င်းပြင် ကျောက်တော်နှင့် ပလက်၀အကြား နယ်မြေအများအပြားကိုလည်း အေအေကထိန်းချုပ်ထားသဖြင့် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းများပြတ်တောက်နေသည်ဟု သိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလိန်ကျေးရွာအကြား မေယုတောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် မောင်တောတောင်ပိုင်း ကျောက်ပန္တူ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် အဓိက သာဓကဖြစ်ပြီး စခန်းက ထွက်သည်နှင့် အေအေ၏ ချေမှုန်းခြင်းကို ခံရခဲ့ရသည်ဟု ဆိုသည်။

  တိုက်ပွဲ တစ်ပွဲမှာ တပ်ရင်းမှူး အပါအဝင် တပ်ခွဲတစ်ခုလုံး ချေမှုန်းခံရတယ်ဆိုတာ သိပ်ရှားတယ်။ အခု ရသေ့တောင် ဒုံးပိုက်ရွာအနီးမှာ ဖြစ်တဲ့ အေအေနဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၁ ယောက်ကျပြီး လက်နက်တွေ အကုန်လုံးဖမ်းမိသွားတယ်။ တစ်ခြားတိုက်ပွဲတွေမှာလည်း အေအေရဲ့ ချေမှုန်းခြင်းကို ခံနေရတယ်။ ဒီအတွက် လက်ရှိမှာ မောင်တောမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်း ကားလမ်းတွေကို ပိတ်ထားပြီး နယ်ခြားစောင့်တွေလည်း စခန်းထဲမှာနေနေကြတယ်။ သူတို့ ကားလမ်းကို အသုံးပြု သွားလာလို့ မရသလို ပြည်သူတွေကိုလည်း သုံးခွင့်မပေးဘူးပေါ့။ အဲသလို သဘောမျိုး ဖြစ်နေပါတယ်ဟု ပြောဆိုသည်။

ထိုသို့ ကားလမ်းများကို ပိတ်ဆို့ထားသဖြင့် ဒေသခံပြည်သူများမှာ ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် အတူ စားဝတ်နေရေးအခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ နယ်မြေအများအပြားကို အေအေ ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်သလို စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားလိုက်ပြီဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် အေအေကို တိုက်ခိုက်မည့် အစား နိုင်ငံရေးနည်းဖြင့် အဖြေရှာ ဆွေးနွေးသင့်သည်ဟု ရခိုင်နိုင်ရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုသည်။

ရက္ခိုင့်တပ်တော်က အခု ကွန်ဖက်ဒရေးရှင်းကို တောင်းထားတယ်။ အခုသူတို့တောင်းတဲ့ အပေါ်မှာ ဆွေးနွေးရင် ကောင်းမယ်။ မဟုတ်ရင် လွတ်လပ်ရေးထိ ရောက်သွားနိုင်တယ်။ ရခိုင်တွေရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးပြီး စစ်တိုက်တာထက် နိုင်ငံရေးအရပြေလည်မှုကို လက်ရှိ စစ်ကောင်စီအနေနဲ့ အဖြေရှာသင့်တယ်လို့ မြင်ပါတယ်ဟု ၎င်းက ပြောဆိုသည်။  

ဆက်စပ် သတင်းများ