နိရဉ္စရာ၊သြဂုတ် ၂၂/၂၀၂၂
မိုးရာသီအတွင်း အလုပ်အကိုင်ခက်ခဲမှုကြောင့်ဝင်ငွေမရှိဖြစ်နေကြသော စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လစဉ်ထောက်ပံ့ပေးနေသောရိက္ခာဆန်ကိုပုံမှန်အတိုင်း အချိန်မီ ရရှိလိုသည်ဟု စစ်ဘေးရှောင်များက ပြောကြားသည်။
စစ်ကောင်စီမှလစဉ်ထောက်ပံ့သည့်ဆန်ရိက္ခာများမှာ စစ်ဘေးရှောင်စခန်းတစ်ခုနှင့်တစ်ခုမတူဘဲ တစ်ချို့စခန်းများတွင်သုံးလ၊ လေးလခန့်ကြာမြင့်ပြီးမှ ရောက်သလို တစ်ချို့စခန်းများတွင် နှစ်လခန့်ကြာမြင့်မှ ရောက်ရှိလာသည်ဟု စစ်ဘေးရှောင် စခန်းတာဝန်ခံများကပြောသည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှတာဝန်ရှိသူတစ်ဦးက “ အစိုး၇ ဆန်မလာတာ လေးငါးလ လောက်ရှိပြီ။ နောက်ပြီးတော့ကုန်ဈေးနှုန်းတွေကလည်း တစ်ရက်ထက်တစ်ရက်တက်နေပါတယ်။ WFP ကပေးတဲ့ ပိုက်ဆံ ၁၈၀၀၀ကျပ်နဲ့လည်း လုံး၀ မလုံလောက်ပါ။လူကယ်ပြန်က ဆန်ရမယ်ဆိုရင် အဆင်ပြေပါတယ်။ အခုကလုံး၀ကို အဆင်မပြေဖြစ်နေတာပါ။ ထမင်းအငတ်မခံရုံတမယ်ပါပဲ။ ထမင်း သေချာပြည့်ပြည့်၀၀ မစား၇လို့ လူတွေ အရုပ်တောင်မပေါက်ကြတော့ဘူး”ဟုပြောသည်။
စစ်ဘေးရှောင်များ အနေဖြင့်ပြင်ပအလုပ် လုပ်ကိုင်ရန်မှာလည်း အလုပ်အကိုင်ရှားပါးနေပြီး မိုးရာသီတွင် အလုပ်တစ်ခုရရန်မှာ မလွယ်ကူနိုင်ဖြစ်နေကြသည့်အချိန်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများမှာ တစ်နေ့ထက်တစ်နေ့ ဈေးမြင့်တက်လာသဖြင့် ရပ်တည်နေထိုင်ရေးအထူးအခက်အခဲ ဖြစ်နေကြသည်ဟု ၎င်းကပြောသည်။
“ အပြင်ထွက် အလုပ်လုပ်ဖို့ကလည်း မိုးရာသီဆို မလွယ်ဘူး။ ဒီလို မိုးရာသီမှာ တောထဲထောင်ထဲ သွားပြီးတော့ဟင်းရှာမျှစ်ချို့ပြီးရောင်းဖို့ကလည်း အဆင်မပြေဘူး။ဟိုဘက်မှာ မိုင်းပေါက်၊ဒီဘက်မှာ မိုင်းပေါက်နဲ့။ တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတော့ လူတွေက ဒီတောတောင်ထဲကိုလည်း မဝင်ရဲကြတော့ဘူး။အလုပ်အကိုင်မရှိတော့ ဆန်ထောက်ပံ့တာကိုမရရင် ငတ်နေကြ၇တဲ့ အနေအထားပါ” ဟု ပြောဆိုသည်။
လက်ရှိတွင်ရခိုင်မှ စစ်ဘေးရှောင်များကို ပြင်ပမှ စေတနာရှင်များလည်း လာရောက်လှူဒါန်းမှု မရှိသလောက်ဖြစ်နေကာ ရခိုင်ပြည်နယ်စစ်ကောင်စီကလည်း အရေးတယူ ထောက်ပံ့ကူညီမှုအားနည်းနေသည်ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှလူဦးရေ ၅၀၀ ကျော်ရှိသည့် ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင်လည်း ပြီးခဲ့သည့် ဇွန်လကစပြီး ယနေ့အချိန်ထိစစ်ကောင်စီ လူကယ်ပြန်မှ ထောက်ပံ့သည့်ဆန်ကို ရရှိမှုမရှိဟုဆိုသည်။
စခန်းတာဝန်ခံ ဦးသန်းဌေးက “အလုပ်အကိုင်တွေကလည်း တစ်ခုမှအဆင်မပြေကြဘူး။ကျနော်တို့စခန်းထဲမှ မိသားစုများတဲ့ သူတွေဆိုရင်ထမင်းကို မ၀တ၀စားနေကြရတဲ့အနေအထားမှာရှိပါတယ်။ စားဝတ်နေရေးက လုံး၀ကျပ်တည်းနေကြပါတယ်” ဟုပြောသည်။
ဆန်ဈေးနှုန်းများ တက်လာသည့် အချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးလျှင် ငွေကျပ်၁၈၀၀၀ ထောက်ပံ့မှုမှာလည်း စားရေးသောက်ရေးအတွက် လုံလောက်မှုမရှိကြောင်း ၎င်းက ပြောဆိုသည်။
မြောက်ဦးမြို့နယ်၊တိန်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း “အခုတော့ပျိုးစိုက်လို့ဆန်ဝယ်ဖို့ပိုက်ဆံနဲနဲရတာရှိပါတယ်။ လူကယ်ပြန်က ဆန်မလာတော့ စားဖို့သောက်ဖို့က ဘယ်လိုမှကိုမလုံလောက်ပါဘူး။ ရှာကြံပြီးတော့ ဝယ်နေကြ၇တယ်။ အယင်က ဆန်အများချက်စားရင် အခုကအယင်ကထက် တစ်ဝက်လောက်လျော့ပြီးချက်စားနေကြ၇ပါတယ်”ဟုပြောသည်။
လက်ရှိတွင်ရခိုင်မှစစ်ဘေးရှောင်စခန်းများသို့ လူကယ်ပြန်မှထောက်ပံ့သည့် ဆန်ရိက္ခာ မရောက်သည်မှာ ပျှမ်းမျှအားဖြင့်၃ လကျော်ခန့်အထိကြာမြင့်နေပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် လစဉ်အချိန်မီ ထောက်ပံ့ပေးရန် စစ်ဘေးရှောင်များက လိုလားနေကြသည်။
စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည့်၇ခိုင်မှမြို့နယ်(၉)မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဆန်အိတ်၅၅၀၀၀ ကျော်ကိုလှူဒါန်းထားသော်လည်း ထိုဆန်များမှာ ဖြန့်ဝေမည့်ကိစ္စကို စစ်ကောင်စီက တားမြစ်ထားသဖြင့် လက်ရှိ အချိန်ထိ ဖြန့်ဝေနိုင်ခြင်း မရှိသေးဟု သိ၇သည်။
ရခိုင်တွင်လက်ရှိအချိန်အထိ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းစစ်ဘေးရှောင်လာကြသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်အထိ ကျန်ရှိနေသေးကာ လက်ရှိတွင်လည်းရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်စစ်ရေးအခြေအနေတင်းမာလာမှုများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်နီးပါးထပ်မံထွက်ပြေးလာကြသသည်ဟုသိ၇သည်။ (NN-8)