Preview

အငူမော်-မောင်တောကားလမ်းပိတ်ထား၍ ဘင်္ဂလားဒေ့ရှ်သို့ပို့မည့်ကုန်များကိုဘူးသီးတောင်မှတဆင့်ပို့ဆောင်နေရ

သြဂုတ် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :7838
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ်၂၃/၂၀၂၂

ဩဂုတ် ၁၃ ရက် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီက အငူမော်-မောင်တောကားလမ်းကိုပိတ်ထားသဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ဆောင်မည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသည့် ကားများကို မေယုမြစ်အတိုင်းဇက်သင်္ဘောဖြင့် ဘူးသီးတောင်သို့ ပို့ဆောင်ပြီး ဘူးသီးတောင်မှ မောင်တော၊ မောင်တောရောက်မှကုန်များကိုချကာ ယင်းမှတဆင့်တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတက်ကနက်( Taknaf )ရှိ ဘောင်တော်ဆိပ်ကမ်းကိုတင်ပို့နေရသည်ဟု သိ၇သည်။  

အရင်ကကုန်တင်တဲ့ ကားတွေက စစ်တွေကနေ အငူမော်ကို မေယုမြစ်၀ကို ဖြတ်ပြီး ဇက်သင်္ဘောနဲ့ ကူးတယ်။အငူမော်ကနေ မောင်တောကို အေရှားဝေါ့က ဖောက်တဲ့ ကားလမ်းအတိုင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကို ပို့တယ်။ မောင်တောနယ်စပ် ကညင်ချောင်းကုန်သွယ်ရေးစခန်းက နေ သင်္ဘောတွေ၊ မော်တော်ဘုတ်တွေနဲ့နတ်မြစ်ကို ဖြစ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာက ထွက်တဲ့ ကုန်ပစ္စည်းတွေကိုတင်ပို့တာ။ ဒါက ပုံမှန်သွားနေတဲ့ လမ်း၊  အခု တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် အငူမော်- မောင်တောကားလမ်းကိုစစ်တပ်က ပိတ်ထားတယ်။ ပိတ်ထားလိုက်တော့ ကုန်တင်ကားတွေကို ဇက်သင်္ဘောနဲ့ မေယုမြစ်အတိုင်းဘူးသီးတောင်ကို ပို့၇တယ်။ ဘူးသီးတောင်ကနေ မောင်တော (၁၆) မိုင်ခရီးထပ်မောင်း၊ မောင်တောကိုရောက်တော့ နယ်စပ်ကုန်သွယ်ရေးမှာချ၊ အဲဒီက တဆင့် အထက်ကလို သင်္ဘောတွေ၊ မော်တော်ဘုတ်တွေနဲ့တစ်ဘက်နိုင်ငံငံကို ထပ်ပို့၇တယ်ဟု ကားသမား တစ်ဦးက ပြောသည်။

ယခင်က အငူမော်က မောင်တောကို ကားလမ်းအတိုင်း (၃) နာရီအတွင်းရောက်သော်လည်း ဇက်ရေယာဉ်ဖြင့် မေယုမြစ်အတိုင်း ဘူးသီးတောင်သို့ ပို့နေ၇သဖြင့် အချိန်၁၀ နာရီခန့် ကြာမြင့်ကာ သယ်ယူပို့ဆောင်ရေးစရိတ်လည်း ပိုမိုကုန်ကျကာ တွက်ခြေမကိုက် ဖြစ်နေသည်ဟုပြောဆိုသည်။

"အခုကအစစ်အဆေးတွေလည်းရှိတယ်။ပုံမှန်သွားတဲ့အတိုင်းမဟုတ်ဘဲ တဆင့်ခံပြီးသွားနေရတော့ အချိန်ကြန့်ကြာတာတွေတော့ ရှိတာပေါ့။မောင်တောဘက်ကလည်း တစ်စီးတစ်လေတော့ သွားလို့ လာလို့၇တာလည်းမြင်တယ်" ဟု၎င်းကားသမားက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ၁၄ ရက်မှစ၍ စစ်ကောင်စီက အငူမော်-မောင်တော ကားလမ်းကို ပိတ်ထားလိုက်သဖြင့် စီးပွားရေးအ၇ အခက်အခဲများဖြစ်ပေါ်နေ၇သည်ဟုမောင်တောနယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းဥက္ကဋ္ဌဦးအောင်စံသိန်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"အခုဘူးသီးတောင်က ငါးကားတွေနဲ့အခြားပစ္စည်းနည်းနည်းပါးပါးစီရောက်တယ်။ အခု လောလောဆယ်တော့ပူပူလောင်လောင် ဖြစ်နေတဲ့အချိန်မှာတော့ အစိုးရနဲ့ နည်းနည်းပါးပါးတော့ ရှိချင်ရှိမှာပေါ့။အဲဒါပါပဲ။ မောင်တောကလည်း မနေ့ကနှစ်စီး၊ သုံးစီးတော့ သွားတယ်။အရင်ကထက် နည်းတော့ နည်းတာပေါ့လေ။ ကုန်သည်တွေမှာလည်းအခုကပြည်မဖက်ကလာတဲ့ကားတွေလည်း ဒီလိုအခက်အခဲတွေနဲ့ဆိုတော့ ဘယ်လိုလာမလဲပေါ့နော်။အခုတော့ ဒီမှာလည်းရှိတဲ့ပစ္စည်းတွေနဲ့ အဲဒီမှာလည်း နည်းနည်း ဖြေလျှော့ပေးထားတဲ့ပုံစံနဲ့ သွားနေကြတာပါပဲ"ဟုပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများကြောင့်လည်း ကုန်စည်များတင်ပို့ရာတွင် ယခင်ကထက်နည်းသွားပြီးပဋိပက္ခများဖြစ်နေသည့်အချိန်တွင် လုပ်ဆောင်နေရသဖြင့် ပုံမှန်ထက်စာလျှင်အခက်အခဲများရှိနေကြောင်းလည်း သူက ဆက်ပြောသည်။
အဆိုပါအငူမော်-မောင်တော ကားလမ်းကိုပိတ်ထားသဖြင့်ဘင်္ဂလားဒေ့ရှ်သို့ပို့မည်ကုန်ကားများမှာ အငူမော်ဆိပ်ကမ်းတွင်သောင်တင်ပိတ်မိနေခဲ့ပြီး အမြန်ဆုံးသွားလာခွင့်ရရန် ကုန်သည်များကသက်ဆိုင်ရာဌာနများထံ သြဂုတ်လ ၁၆ ရက်က စာရေးတောင်းဆိုခဲ့ပြီးနောက်တွင်ဘူးသီးတောင်မှတဆင့် မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ သွားခွင့်ပြုခဲ့ကြောင်း သိ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ၁၃ ရက်တွင် ၇သေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင်ရက္ခိုင့်တပ်တော်(အေအေ)နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အငူမော်-မောင်တောကားလမ်းကို ပိတ်ထားခဲ့ကာယင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း တစ်ရွာနှင့်တစ်ရွာဖြတ်သန်းသွားလာခွင့်ပိတ်ထားသဖြင့်ဒေသခံများမှာ စားနပ်ရိက္ခာပြတ်တောက်နေကြောင်းသိ၇သည်။
ယမန်နေ့ သြဂုတ်လ၂၂ ရက်ကလည်း မောင်တောမြို့နယ် မီးတိုက်နှင့် တောင်ပြိုမြို့အနီးတွင်လည်းအေအေနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိ၇သည်။
လက်ရှိမောင်တောမြို့နယ်တွင်သြဂုတ်လ ၁၃ ရက်မှစ၍ မကြာခဏဆိုလျှင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါဒေသမတည်ငြိမ်မှုများကြောင့်နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားမည်ကိုလည်းကုန်သည်များက စိုးရိမ်နေကြသည်။ (NN-8)

#ကုန်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.