နိရဉ္စရာ၊ သြဂုတ်၂၃/၂၀၂၂
၇ခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊ဘဲအင်းကျေးရွာမှ အိမ်တချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် စီနင်းရှာဖွေပြီး ဘဲအင်းကျေးရွာအုပ်ချုပ်ရေးမှူးကိုတပ်ရင်းမှူးက ပါးရိုက်သွားခဲ့သည်ဟုမျက်မြင် ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
“ မနေ့ က သြဂုတ်လ၂၂ ရက် ည ရ နာရီခွဲခန့်မှာ ဘဲအင်းကျေးရွာထဲကို မာန်အောင်မြို့နယ်မှာ အခြေစိုက်တဲ့ကမူတောင်အခြေစိုက်စစ်တပ်က တပ်ရင်းမှူးရယ်။ နောက် မာန်အောင်မြို့မ ရဲစခန်းမှူးတို့ ဦးဆောင်ပြီးလက်နက်တွေနဲ့ အင်အား၂၀ ကျော်ခန့်နှင့် ဝင်ရောက်လာပြီး နေအိမ်များကို စီးနင်း ရှာဖွေပါတယ်။ ရှာဖွေတဲ့သူတွေကိုမတွေ့တော့ ကျေးရာအုပ်ချုပ်ရေးမှူးကို ပါးအချက်နှစ်ဆယ်လောက်ရိုက်ပါတယ်။ မင်းမသိရကောင်းလာဆိုပြီး ဆဲဆိုပြီးပါးရိုက်တာပါ။ နေအိမ် တချို့ကိုလည်း စစ်သားတွေက ဖျက်ဆီးခဲ့သွားခဲ့ပါတယ်” အမည်မဖော်လိုသူဘဲအင်းကျေးရွာသား တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
၎င်းစစ်ကောင်စီတပ်သည် ရွာထဲကို ဝင်ရောက်လာပြီးနောက် ဒေါ်စိုးရင်(၆၀နှစ်)၏အိမ်ကို ပထမဆုံး ဝင်ရောက်ရှာဖွေကာ သူတို့ရှာဖွေသူကိုမတွေ့သဖြင့် အိမ်နောက်ဖေးထမင်းချက်ခန်းမှ သောက်ရေအိုးနှင့် ရေအိုးခွက်များ ဖျက်ဆီးသွားခဲ့သည်ဟု ၎င်းကပြောသည်။
“ဒေါ်စိုးရင်အိမ်ကထမင်းချက်ခန်းက ရေးအိုးစင်တွေ၊ အိုးတွေခွက်တွေကို ဖြိုပစ်ခဲ့တာရှိတယ်။ ကမူတောင်တပ်က ဖြိုသတ်သွားတာ။ရဲသားတွေပါတယ်။ရဲသားတွေ ဘာမှမလုပ်ဘူး။ ကမူတောင်တပ်က တပ်ရင်းမှူးအမိန်နဲ့စစ်သားတွေလုပ်သွားတာ။ သူတို့က WY မူးယစ်ဆေးဝါး ရှာတယ်ဆိုပြီး အကြောင်းပြသွားတယ်။အိမ်ကမိသားစုဝင်တွေကတော့ သူတို့ရွာကို ဝင်လာကတည်းကကြောက်ပြီးတော့ ရှောင်နေလို့ အိမ်မှာ ဒေါ်စိုးရင်တစ်ယောက်တည်းကျန်ခဲ့တယ်”ဟုပြောသည်။
ဒေါ်စိုးရင်အိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက်ကကျေးရွာထဲက ဦးမောင်ချီးဆိုသူ၏ နေအိမ်ကိုလည်း မှားယွင်းဝိုင်းဝန်းခဲ့ကြောင်း၊ ၎င်းနောက် ယင်းအိမ်မှ ထွက်ခွာသွားခဲ့ကာရွာနောက်ပိုင်းမှ ဦးနေလင်းဦးအိမ်ကို ဆက်လက်သွားဝိုင်းခဲ့သည်ဟု သူကဆက်ပြောသည်။“မောင်ချီးဆိုတဲ့ အိမ်ကိုလည်းစစ်သားတွေက ဝိုင်းတယ်။အဲအိမ်ကို သူတို့ ဝိုင်းရှာတော့ အဲဒီအိမ်က မောင်ချီးအိမ် မဟုတ်ပါလို့ ဘေးကလူတစ်ယောက် ပြောတော့ အဲဒီအိမ်က ထွက်ခွာသွားပြီး ရွာအနောက်ပိုင်းကနေလင်းဦးအိမ်ကို ဝိုင်းကြပါတယ်။ဦးနေလင်းဦးကရှောင်နေတော့ တွေ့မသွားခဲ့ပါဘူး” ဟုပြောသည်။
စစ်ကောင်စီတပ်သားများက ဦးနေလင်းဦး၏အိမ်ကိုဝိုင်းဝန်း၇ှာဖွေရာ မတွေ့သဖြင့် အိမ်တွင် ဖွင့်လှစ်ထားသည့်ကုန်စုံဆိုင်တံခါးကို အုတ်ခဲ့ဖြင့်ထုကာ ဖြိုဖျက်သွားခဲ့သည်ဟုပြောသည်။
“သူတို့ဝင်တာကတော့ အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဝင်တာ။ သူတို့ဝင်လာတုန်းက ဦးနေလင်းဦးရော၊ မလှညွန့်နဲ့ ၂နှစ်အရွယ် သမီးငယ်ပါ အိမ်မှာမရှိဘူး။ သူ့ကို မတွေ့တော့အုပ်ချုပ်ရေးမှူးကို ပါးရိုက်တာ” ဟုပြောသည်။
ဦးနေလင်းဦးကိုမတွေ့သည့်အတွက်ကမူတောင်တပ်ရင်းမှူးကဘဲအင်း ကျေးရွာအုပ်ချုပ်ရေးမှူးကိုပစ္စတိုသေနတ်ဖြင့် ချိန်ကာပါးနှစ်ဖက်ကို အချက် ၂၀ ခန့်ရိုက်သွားခဲ့သည်ဟု မျက်မြင် ကျေးရွာသားများကပြောသည်။
ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုကမူတောင်တပ်ရင်းမှူးကသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်များကိုကြားခဲ့သည်ဟု ၎င်းကျေးရွာက အမျိုးသားတစ်ဦးကလည်းပြောသည်။
“ အဲဒီတပ်ရင်းမှူးက အုပ်ချုပ်ရေးမှူးကိုရာအိမ်မှူးကိုခေါ်ခိုင်းတာတွေ၊ ဆယ်အိမ်မှူးကို ခေါ်ခိုင်းတယ်။ ပြောတာတွေရှိတယ်။ ပြီးတော့ သူ့ကိုဘာပြောလဲဆိုတော့ မင်းကို သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်၊ကမူတောင်တပ်ရင်းမှူးက။ ပါးရိုက်ပြီးတော့ မင်းကို သတ်ပစ်မယ်လို့ ပြောတာ။ သူကိုခေါ်ပြီးဒီလူမရှိဘူးလား၊ မင်းမသိ၇ကောင်းလားဆိုပြီး ဆဲဆိုပြီးတော့ အဲလိုပါးကိုဘယ်ပြန်ညာပြန် မူးမူးနဲ့ရိုက်တာ။ မူးမူးနဲ့ဆိုတာကတပ်ရင်းမှူးက အရက်သောက်ထားပြီး မူးနေပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း ကမူတောင်တပ်မှအရပ်ဝတ် ၃ ဦးနှင့်စစ်ဝတ် ၃ ဦး၊ စုစုပေါင်း ၆ ဦးက ဘဲအင်းကျေးရွာသို့ ဝင်ရောက်ခဲ့ကာ ဦးနေလင်းဦးလင်မယားဖုန်းများကို စစ်ဆေးခဲ့သည်များရှိသည်ဟု သိ၇သည်။
ယင်းအပြင် အဆိုပါတပ်ရင်းသည်မာန်အောင်ကျွန်းမှ သစ်ပုံရွာ၊ ဘဲအင်းရွာ၊ မီးလောင်ထောင့်၊ဇလပ်ပြင်၊ ချောင်း၀၊ ပေတပြင် ကျေးရွာများကိုလည်း ဝင်ရောက်ကာသူစိမ်းများရောက်လို့ရှိလား၊ ULA/AA က လူတွေရောက်လို့ရှိလားဆိုပြီးဝင်ရောက်မေးမြန်းသည်များရှိခဲ့သည်ဟု သိ၇သည်။
ဘဲအင်းကျေးရွာသည်မာန်အောင်မြို့၏မြောက်ဖက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ကြောင်း သိ၇သည်။ (NN-3)