နိရဥ္စရာ၊ သြဂုတ် ၂၃/၂၀၂၂
စစ်တွေမြို့တွင် အကြမ်းဖက်အသတ်ခံလိုက်ရသည့် မနွယ်သန္တာဝင်းအသတ်ခံ၇မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် စကစလက်အောက်ခံ စစ်တွေ၇ဲတပ်ဖွဲ့တို့နှစ်ဘက်စလုံးက အမှုမှန် ပေါ်ပေါက်ရန် ကိုင်တွယ် စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တစ်ပတ်ကျော်ကြာလာသည့်တိုင် အမှုအခြေအနေမှာ ထူးခြားမှု တစုံတရာမရှိသေးသဖြင့် သေဆုံးသူ၏ မိသားစုဝင်များနှင့်ပြည်သူများအကြားတွင် အားမလိုအားမရ ဖြစ်နေကြရသည်ဟု သိရှိ၇သည်။
သေဆုံးသူ၏ဖခင် ဦးဆန်းဝင်းက"လက်ရှိအမှုအခြေအနေကတော့ ဘာမှမသိရသေးဘူး။ ဆိုင်ပိုင်ရှင်နဲ့ သံသယရှိတဲ့သူတွေကိုAA ကနေခေါ်ယူစစ်ဆေးတယ်လို့တော့ ပြောကြတယ်။ ဦးလေးတို့က ဘာမှမသိ၇ဘူး။ဦးလေးတို့လိုချင်တာက မပတ်သက်တဲ့လူတွေကိုလည်း မပါစေချင်ဘူး။ တရားခံအစစ်အမှန်ကိုပဲလိုချင်တယ်။ သိချင်တယ်။ ဦးလေးတို့က ရဲစခန်းတစ်ခုတည်းကိုပဲ တိုင်ကြားထားတာရှိတယ်။ AA ကိုတိုင်ကြားထားတာလည်း မရှိဘူး။စစ်ဆေးဖို့ခေါ်တယ်။ ဘယ်ကနေခေါ်မှန်းလည်း မသိဘူး။ ခေါ်ရင် အမှန်တိုင်းသွားပြောပြလိုက်တယ်"ဟု ပြောသည်။
သေဆုံးသွားသည့်အမျိုးသမီးငယ်မှာစစ်တွေမြို့ မင်းဂံရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် ဆိုင်အရောင်းဝန်ထမ်းမနွယ်သန္တာဝင်းဖြစ်သည်။
သူမသည် ပြီးခဲ့သည့်သြဂုတ်လ ၁၅ ရက်တွင် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ပလတ်စတစ်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ခု၌ဆိုင်ရောင်းနေစဉ် လည်ပင်ညှစ်ပြီး ဝမ်းဗိုက်ကို ဓားထိုးဒဏ်ရာ ၂ ချက်ဖြင့်အသတ်ခံလိုက်၇ခြင်းဖြစ်သည်။
ရခိုင့်အမျိုးသမီးရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ဒေါ်စံငြိမ်းသူက"ဒီအမှုကိစ္စသည် လွယ်လွယ်ကူကူနဲ့တရားခံကိုဖမ်းဆီးရယူနိုင်တဲ့ နေရာဒေသတစ်ခုလည်း ဖြစ်တယ်။ အဲ့ဒီ အနေအထားမှာ အခုချိန်ထိ တရားခံကိုအရေးတယူနဲ့ လိုက်လံဆောင်ရွက်နေတဲ့ အနေအထားမျိုး မရှိရင်ကျွန်မတို့အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ဖြစ်စေ၊ တစ်ခြားသော လူမူ အဖွဲ့အစည်းတွေနဲ့ဖြစ်စေ။အားလုံးတာဝန်ရှိသူတွေကို ဝိုင်းဝန်းနှိုးဆော်ရမယ်။အားလုံးပါဝင်ပြီးတော့ လျစ်လျူရှုထားတာ မဟုတ်ဘဲ အားလုံးပါဝင်ဖို့အရေးကြီးတယ်။ပြည်သူတွေက တိုက်တွန်းနိုးဆော်ဖို့လောက်ပဲ ရတယ်။အဓိကတာဝန်ရှိသူတွေက အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေက လျစ်လျှူမရှုဘဲအမှုမှန်ပေါ်ပေါက်ဖို့ အခင်းဖြစ်တဲ့အနီးအနား။ ဆက်နွယ်ပတ်သတ်သူတွေကိုအဓိကအလေးထားပြီး အမြန်ဆုံးဖော်ထုတ်ဖို့လိုတယ်" ဟု ပြောသည်။
ပြစ်မှုကျူးလွန်သူများကိုတာဝန်ရှိအစိုးရတစ်ရပ်အနေဖြင့်ဖြစ်စေ၊ တာဝန်ရှိလုံခြုံရေးဆိုင်ရာ အနေဖြင့်ဖြစ်စေ တာဝန်ယူလုပ်ဆောင်မှုယခုအချိန်ထိ မရှိသေးခြင်းက တရားဥပဒေ စိုးမိုးမှု မရှိဆိုသည့်အခြေအနေကိုပြသရာရောက်နေသည်ဟုသူမက ပြောဆိုသည်။
ယခုအမှုကိုစစ်တွေမြို့မရဲစခန်းကလည်း ကိုင်တွယ်နေပြီး သံသယရှိသူများကိုလည်းခေါ်ယူစစ်ဆေးနေသည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးစစ်တွေမြို့မရဲစခန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။
သေဆုံးသွားသူသည်ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ထားသူဖြစ်ပြီး လက်ရှိတွင်မနွယ်သန္တာဝင်း အသတ်ခံ၇မှုသည် ယနေ့ သြဂုတ်လ ၂၃ ရက်ဆိုလျှင် ၈ ရက်တိတိ ကြာမြင့်သွားပြီဖြစ်သည်။
သဲလွန်စများနှင့် ပြစ်မှုကျူးလွန်သူများကိုလည်းအာဏာပိုင်များက ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးသလို အုပ်ချုပ်သူ အစိုး၇ကလည်း အင်တိုက်အားတိုက်လုပ်ဆောင်ရန်တွန်းအားပေးမှု အားနည်းနေသည်မှာ အစိုးရတစ်ရပ်အတွက် အလွန်တရာမှ သိက္ခာကျဆင်းစေသော လုပ်ရပ်ဖြစ်သည်ဟုရခိုင့်အမျိုးသမီးကွန်ရက်မှ ဒေါ်လှမေက ပြောသည်။
"ဒီဖြစ်မှုကရခိုင့်အမျိုးသမီးထုတစ်ရပ်လုံးအနေနဲ့ လုံခြုံမှုမရှိဘူး။အင်မတန်မှအန္တရာယ်များတဲ့ဖြစ်ရပ်။ ဒီဖြစ်ရပ်မှာ အုပ်ချုပ်သူအစိုးရအနေနဲ့တာဝန်ရှိတယ်။ အပြစ်မရှိတဲ့ ၇ခိုင့်အမျိုးသမီးလေး တစ်ယောက်ကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တာကို ကျွန်မတို့အနေနဲ့ အမှုမှန်ပေါ်စေချင်တယ်။ အစိုးရအနေနဲ့လည်းတာဝန်ယူစေချင်တယ်။ ဒီအကြမ်းဖက်အသတ်ခံ၇တာကိုလည်း အချိန်နဲ့တပြေးညီအမှုမှန်ပေါ်စေချင်တယ်။ တိုက်လည်းတိုက်တွန်းတယ်။ အမျိုးသမီးတွေလည်းစိုးရိမ်ပူပန်မူမရှိရအောင် အစိုး၇အနေနဲ့ တာဝန်ယူစေချင်တယ်"ဟုပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ပြည်နယ်၏မြို့တော်စစ်တွေမြို့တွင် ယခုနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိ၍ ခိုးမှု၊လုယက်မှုနှင့် လူသတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည်ဟုမြို့ခံများက ပြောသည်။ (NN-12)