နိရဉ္စရာ၊သြဂုတ် ၂၄/၂၀၂၂
ချင်းပြည်နယ်၊ပလက်၀မြို့နယ် အဘောင်သားကျေးရွာမှ ဒေါ်နန်လောင်ခမ်း(၄၃နှစ်) သည်ယနေ့ နံနက်က ပျောက်ဆုံးနေသည့်သူမ၏ယောင်္ကျားဖြစ်သူ ကျောင်းအုပ်ဆရာကြီးကိုသွားရှာရာမှ မိုင်းနင်းမိကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သူမသည် ယနေ့နံနက်ရ နာရီခန့်က လင်ယောင်္ကျားကို သွားရှာရာတွင် အဘောင်သားကျေးရွာ အထက်ဘက်ရှိ လယ်ကွင်းပြင်တွင် မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
"သူကယောကျာ်း ကျောင်းဆရာကြီးကိုရှာဖို့ဆိုပြီးသွားတာ။ ရွာအထက်ကလယ်ပြင်မှာ မိုင်းနင်းပြီး သေသွားတာပါ။ ယောကျာ်းကို စိတ်ပူပြီးတစ်ယာက်တည်းသွားရှာတာပါ။သူ့ယောကျာ်းကိုလည်းရှာမတွေ့သေးဘူး။ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတုန်း ဆရာမသွားမရှာနဲ့ဆိုပြီးတော့ ရွာသားတွေကလည်း တားသေးတယ်" ဟု အဘောင်သားကျေးရွာသား တစ်ဦးက ပြောသည်။
ရွာသားများ၏ အပြောအ၇ သူမတွင်ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီးခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာပြင်းထန်ရရှိသေဆုံးသွားခဲ့သည်ဟု သိ၇သည်။
လက်ရှိတွင်၎င်းကို ယနေ့နေ့လည် ၂ နာရီကျော်ခန့်က မီးသဂြိုလ်လိုက်ပြီဖြစ်ပြီး သူမတွင် ကျန်ရှိခဲ့သည့်အလယ်တန်းအရွယ်သားနှစ်ဦးနှင့် ခြောက်နှစ်အရွယ်သမီးတို့ကိုလည်း ပလက်၀မြို့ရှိ ၎င်းတို့၏ ဆွေမျိုးထံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကျေးရွာသားများကပြောသည်။
၎င်း၏ပျောက်ဆုံးနေသော သူမ၏ ယောကျာ်းမှာအဘောင်သားကျေးရွာ မူလတန်း(လွန်)ကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးခိုင်အေးဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ၂၁ ရက်နေ့က အဘောင်သား ကျေးရွာအနီးရှိ တော၊ တောင်သို့ မျှစ်ရှာသွားစဉ်အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်းသိ၇သည်။
၎င်းကျောင်းအုပ်ဆရာကြီးပျောက်ဆုံးနေသည့်ရက်တွင် အဘောင်သားကျေးရွာအနီးတဝိုက်၌ အေအေနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီးပလက်၀ အခြေစိုက် ခမ၇ ၂၈၉ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်းဒေသခံများကပြောသည်။
လက်ရှိတွင်လည်းယင်းအဘောင်သားကျေးရွာအနီးတဝိုက်ပတ်ပတ်လည်တွင် အေအေနှင့် မြန်မာစစ်တပ်တို့ လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ပလက်၀ ၂၈၉ တပ်ရင်းမှ လည်း လက်နက်ကြီးများပစ်ခတ်နေရာ လက်နက်ကြီးအချို့ အဘောင်သားကျေးရွာအထဲသို့ ကျရောက်မှု၇ှိသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ရွာသားများမှာလည်းပလက်၀မြို့ပေါ်သို့ တိမ်းရှောင်လာနေ၇ကြောင်း သိ၇သည်။
" တိုက်ပွဲဖြစ်နေတော့တစ်ယောက်မှလည်း ဆရာကြီးကိုသွားမရှာရဲကြဘူး။ အခုလည်းရွာက အားလုံးထွက်ပြေးလာကြတော့ရှာလို့မရတော့ဘူး။ ဟိုနေ့ကလက်နက်ကြီးကျလို့ ရွာထဲက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကနံရံတွေ ပျက်စီးသွားသေးတယ်" ဟုပြောသည်။
ယခုမိုင်းနင်းမိ၍ သေဆုံးသွားသောနေရာသည် မြန်မာစစ်တပ်စခန်းချရာနေရာနှင့်နီးပြီး တိုက်ပွဲများမကြာခဏဖြစ်နေသော နေရာဖြစ်ကြောင်း ဒေသခံများကပြောသည်။ (NN-8)