နိရဉ္စရာ၊သြဂုတ် ၂၄/၂၀၂၂
၇ခိုင်ပြည်နယ်၊မောင်တောမြောက်ပိုင်း၊ကြိမ်ချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇)သည် ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့ည ရ နာရီခန့်က လက်နက်ကြီးများကို ပစ်ခတ်ကာ အင်အားပြခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
“ မနေ့က ည (ရ) နာရီခန့်မှစကာ လက်နက်ကြီး (၁၀) ချက်တိတိပစ်ခတ်ခဲ့တယ်။ တိုက်ပွဲလည်း မရှိဘဲ ပစ်ခတ်တာဆိုတော့ အင်အားပြခြိမ်းခြောက်ပစ်ခတ်တာလို့ဘဲယူဆ၇ပါတယ်”ဟု ကြိမ်ချောင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ယခင်က ယခုလိုမျိုး အကြောင်းမဲ့ပစ်ခတ်မှုများမရှိခဲ့သဖြင့် ယခုပစ်ခတ်မှုမှာ အင်အားပြ ခြောက်လှန့်ပစ်ခတ်မှုလည်း ဖြစ်နိုင်သည်ဟု တခြားဒေသခံတစ်ဦးက ပြောဆိုသည်။
"ည(ရ) နာရီက စပစ်တာပါ။ လက်နက်ကြီးသံတွေကြားရတော့ ပထမက ဘာများဖြစ်လဲဆိုပြီး စိုးရိမ်သွားတယ်။နာရီ၀က်လောက်အထိပစ်ခဲ့တယ်။ မြောက်ပိုင်းမှာတိုက်ပွဲတွေရှိနေတော့ သူတို့စိုးရိမ်လို့ အင်အားပြတဲ့သဘောပါပဲ" ဟု ပြောသည်။
ကြိမ်ချောင်းကျေးရွာမှအမျိုးသမီးတစ်ဦးက "ဘယ်ကိုပစ်မှန်းမသိပစ်တာပါ။အသံအကျယ်ကြီးကြား၇ပါတယ်။ လက်နက်ကြီး စမ်းတာလို့တော့ ပြောကြပါတယ်" ဟု ပြောသည်။
၇ခိုင်တွင် စစ်ရေးတင်းမာနေပြီး အေအေက စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ကြောင့် မောင်တောမြို့နယ် နန်းရာကိုင်းတပ်စခန်း၊ဘူးသီးတောင်မြို့နယ် ကျောင်းတောင်တပ်စခန်းအပါအဝင် အနည်းဆုံးတပ်စခန်း ၁၀ ခုခန့်ကို စွန့်လွတ်ခဲ့ရသည်ဟု သိ၇သည်။
လက်ရှိ၇ခိုင်တွင်စစ်ကောင်စီနှင့် AA တို့အကြား စစ်ရေးတင်းမာမှုပိုမိုပြင်းထန်လာသလို တကျော့ပြန်တိုက်ပွဲများနှင့်အတူ အပြီးသတ် နယ်မြေထိန်းချုပ်ရေးတိုက်ပွဲကို ဆင်နွှဲနေကြပုံ၇သည်ဟုရခိုင်စစ်ရေးလေ့လာသူများကသုံးသပ်ပြောဆိုသည်။(NN-7)