နိရဉ္စရာ၊ သြဂုတ် ၂၄/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ပလက်၀မြို့နယ်တွင် စစ်ကောင်စီမှ ယနေ့ညနေက ၇ဟတ်ယာဉ် ၂ စီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် ၄ နာရီခွဲကျော်ခန့်က ၇ဟတ်လေယာဉ်၂ စီးနှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ပလက်၀မြို့နယ်၊ နှမဒါကျေးရွာနှင့် သူဌေးကုန်းအနီးကိုလေကြောင်းကပစ်ကူခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"ဒီနေ့ တိုက်ပွဲကအကြာကြီးဖြစ်တာမဟုတ်ဘဲ မကြာမကြာ လက်နက်ငယ်ပစ်တာတွေကြား၇တယ်။ ညနေ ၄ နာရီခွဲလောက်က ရုရှားလုပ်၇ဟတ်ယာဉ် ၂ စီးတက်လာပြီး ပစ်သွားတယ်။ ၁၅ မိနစ် ၊ မိနစ်၂၀ လောက်ပဲကြာမယ်။ ပစ်ပြီး ပြန်သွားတယ်" ဟု ပြောသည်။
ယင်းအပြင် ပလက်၀မြို့နယ်၊ ရုပ်ချောင်း၊ အဘောင်သားကျေးရွာအနီးတွင်လည်းစစ်ကောင်စီနှင့် AA တို့ ယမန်နေ့ သြဂုတ် ၂၃ ရက်နေ့ ညနေပိုင်းကနေ တိုက်ပွဲဖြစ်ပွားနေပြီးယနေ့ နေ့လယ်၂ နာရီမှ ညနေ ၆ နာရီအချိန်အထိ နှစ်ဘက်ပစ်ခတ်နေသည့် လက်နက်ငယ်သံများကို အဆက်မပြတ်ကြားနေ၇ကြောင်းပလက်၀ဒေသခံတစ်ဦးက ပြောသည်။
"ပစ်သံတွေက မနေ့ကတည်းက ကြား၇ပါတယ်။ လက်နက်ကြီးသံကတော့ တစ်နေ့ကုန်ပစ်နေတာပါ။လက်နက်ငယ်ပစ်သံ တိုက်ပွဲသံကတော့ နေ့လယ် ၂ နာရီကျော်ကျော်လေးကနေ အခုထိပါပဲ။ အဆက်မပြတ်ကိုကြားနေ၇တာပါ"ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ပြင်းထန်ပြီး ပလက်၀အခြေစိုက် (၂၈၉) တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အတွက်အဘောင်သားကျေးရွာမှ ဒေသခံများအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရတို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
လက်ရှိ တိုက်ပွဲများမှာ ပလက်၀မြို့နယ်တွင်သာမက မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်၊ မီးတိုက်ဘက်တို့တွင်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးတိုက်ပွဲမှာ တစထက် တစ ပိုမိုကျယ်ပြန့်လာနေကြောင်း သိ၇သည်။
ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနယ်စပ်ရှိကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ အခြေစိုက်အေအေစခန်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အေအေနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
(ဓာတ်ပုံ- ယနေ့ ပစ်ခတ်သွားသည့် ရဟတ်ယာဉ် တစ်စီးကို တွေ့၇စဉ်)