ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အဝင် (မြို့အရှေ့ဘက်) ပြားချောင်းကြီးတံတားအနီးတွင် တည်ဆောက်ထားသည့် အေအေခံကတုတ်ကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့နောက်ဆုံးထားပြီးစစ်ကောင်စီကရွေ့ခိုင်းသည့် သတင်းမှာ သတင်းအမှားသာဖြစ်ပြီး အဆိုပါ သတင်းအမှားကြောင့် ဒေသခံများအကြားစိုးရိမ်မှုများဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်မှု ပိုများခဲ့၇သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
“ အေအေစခန်းကို ရွေ့ခိုင်းတာမှန်ပေမယ့် ယနေ့သြဂုတ်လ ၂၅ ရက်နေ့ အပြီး ရွေ့ခိုင်းတယ်ဆိုတာ ကျွန်တော်ကတခါမှ ပြောဆိုထားတာမရှိဘူး။ ဘယ်လိုလုပ်ပြီးဒီသတင်းအမှားကို ဘယ်သူ ဖြန့်လိုက်တယ်မသိဘူး။ ဒီသတင်းကြောင့် တိုက်ပွဲတွေဖြစ်မယ်။ လေယာဉ်နဲ့တိုက်မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့သွားပြီး လူတွေက ၂၅ ရက်မတိုင်ခင် ပိုပြီး ထွက်ပြေးကြတာပါ” ဟု ၎င်းက ပြောကြားသည်။
အေအေစခန်းများကို ယနေ့သြဂုတ်လ ၂၅ ရက်နေ့အပြီး စစ်ကောင်စီမှ ရွေ့ခိုင်းထားကြောင်း၊ အေအေဘက်က ၎င်းတို့၏စခန်းများကို စစ်ကောင်စီတပ်က တောင်းဆိုထားချိန်တွင် ဖယ်ရှားမပေးပါက တိုက်ပွဲများပြန်ဖြစ်လာနိုင်ကြောင်းစသဖြင့် မီဒီယာတချို့တွင် သတင်းများဖော်ပြခဲ့ကြသည်။
"သူတို့(စစ်တပ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူး)ဆီကတော့ ဘာတစ်ခုမှပြောထားတာမရှိပါဘူး။၂၅ ရက်နေ့ နောက်ဆုတ် ပေးရမယ့်အကြောင်းတော့ ဘယ်သူ့ဘက်ကမှပြောလို့မရှိပါဘူး။ အဲဒါတွေက ကောလဟလမကောင်းတဲ့သတင်းတွေလွင့်နေတာပါ။ ကျနော်ကလည်းမပြောဘဲ ဒီလို သတင်းတွေထွက်နေတော့ကျနော့်အတွက် ထိခိုက်မှု ရှိချင်လည်းရှိနိုင်တယ်။ ပြောလို့မ၇သေးဘူး။ အဲဒီသတင်းတွေတက်လာလို့ ပြည်သူတွေက ကြောက်လန့်ပြီးတော့ စိုးရိမ်ကြတာတွေရှိတယ်၊ ထွက်ပြေးကြတာတွေရှိတယ်" ဟုပြောသည်။
လက်ရှိတွင် ပြားချောင်းကြီးတံတားအနီးရှိ စစ်ကောင်စီစခန်းများတွင်လည်းပုံမှန်အနေအထားတွင် ရှိနေပြီး ယမန်နေ့လယ်ပိုင်းက စစ်ရဟတ်ယာဉ်တစ်စီး ရသေ့တောင်မြို့သို့ရောက်ရှိလာပြီးဘူးသီးတောင် မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ကို တွေ့မြင် လိုက်၇ကြောင်းဒေသခံတစ်ဦးကပြောသည်။
" ဒီတစ်ရက်နှစ်ရက်မှာတော့ မြို့ထဲကို စစ်သား ငါး၊ဆယ်လောက်ဝင်ပြီး ကင်းလှည့်တာတွေတော့ ရှိတယ်။ ပြားချောင်းကြီးနားက စခန်းတွေမှာတော့ အနေအထားကပုံမှန်အတိုင်းရှိနေပါတယ်။မနေ့ကတော့ရဟတ်ယာဉ်တစ်စီး ရောက်လာပြီးတော့ ဘူးသီးတောင်ဘက်ကို ထွက်သွားတယ်။ လူတွေကတော့အဲဒီသတင်းတွေကပြန့်နေတော့အားလုံးသို့လောသို့လောနဲ့ ထွက်ပြေးနေကြတာတွေ ရှိတယ်၊ အမျိုးမျိုးပါဘဲ။ ဆွေမျိုးတွေရှိရာဆီကို သွားကြတာရှိတယ်။ ရွာမှာကအများအားဖြင့်ယောကျာ်း နည်းနည်းလောက်ပဲကျန်ခဲ့တာ" ဟုပြောသည်။
ထွက်ပြေးကြသူများမှာ ပြားချောင်းကြီးကျေးရွာ၊အလယ်ရွာချေနှင့် ပြင်ခေါင်ကျေးရွာမှ လူဦးရေ တစ်ထောင် ကျော်ခန့် ရှိမည်ဖြစ်ပြီး အနီးအနား ကျေးရွာများဖြစ်သည့် အ၀တာ၊ ကြိမ်သာ၊ စောမေနှင့် လေးကန်စသည့် ကျေးရွာများသို့ထွက်ပြေးကြကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၈ ရက်က ပြားချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို ရသေ့တောင်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ ဗျူဟာမှူးကမြို့နယ် အုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ခိုင်းကာ တံတားအနီးရှိ စခန်းကိုဖယ်ရှားရန် အေအေကိုပြောခိုင်းခဲ့သည်ဟု ဆိုသည်။
ထို့နောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်အကြားတွင်စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲများဖြစ်လာမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။
ယခုအေအေတပ်စခန်းများကို ရွေ့ခိုင်းသည့်ပြသနာသည် များမကြာမီကရသေ့တောင်မြို့ကို လာရောက်ခဲ့သည့် ကထစမှူးက ရဟတ်ယာဉ်ပေါ်ကနေ လက်နက်တပ်ဆင်ထားသော အေအေကတုတ်ကျင်းများ၊ စခန်းများကို မြင်တွေ့ရသည်ဆိုကာ ရသေ့တောင်ဗျူဟာမှူးကို အေအေစခန်းကိုဖယ်ရှားခိုင်းခဲ့သည်ဟု သိ၇သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပြားချောင်းကြီး ကျေးရွာသို့စစ်ကောင်စီ စစ်ကြောင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ ဒေသခံအများအပြားမှာကြောက်လန့် စိုးရိမ်မှုများဖြစ်ကာ အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၇သည်။
ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုတောင်တန်း၊ ဒုံးပိုက်နှင့်ချိန်ခါလိန် ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ရေးအခြေအနေ ဆက်လက် တင်းမာ နေသဖြင့် ချိန်ခါလိန်၊ကြံတိုင်းအောင်၊ ဒုံးပိုက်၊ ကိုးတန်ကောက် အစရှိသည့် ကျေးရွာများမှ ဒေသခံ အများအပြားမှာလည်းနီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြ၇သည်ဟု သိ၇သည်။ (NN-8)