Preview

ယနေ့တွင်မြောက်ဦးမြို့တည်နှစ် ၅၉၂ နှစ်ပြည့်ပြီ

သြဂုတ် ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :2215
ရခိုင် သတင်း

နိရဥ္စရာ၊သြဂုတ် ၂၆/၂၀၂၂

ရခိုင်ရှေးဟောင်းသမိုင်းဝင် မင်းနေပြည်တော်တစ်ခုဖြစ်သည့်မြောက်ဦးမြို့ကို တည်ထောင်ခဲ့သော နှစ်သည် ယနေ့တော်သလင်းလဆန်း (၁) ရက်နေ့တွင် နှစ်ပေါင်း ၅၉၂နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မြောက်ဦးမြို့ကို ကောဇာသက္ကရာဇ်၇၉၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်နေ့တွင်ရခိုင်ဘုရင် မင်းစောမွန်ကစတင်ထူထောင်ခဲ့သည်။

ယနေ့၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း၁ ရက်(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်)ဆိုလျှင် မြို့တည်နှစ် ၅၉၂နှစ်ရှိသွားခဲ့ပြီဖြစ်သဖြင့် ယနေ့တွင်မြို့တည်နှစ်အထိမ်းအမှတ် အခမ်းအနားတချို့ကို ကျင်းပပြုလုပ်သွားမည်ဟု သိ၇သည်။

မြောက်ဦးလူငယ်များအစည်းအရုံး(MYUA)က ဦးဆောင်ကာ  ဆီမီးထွန်းပူဇော်ပွဲကို ယနေ့ သြဂုတ်လ ၂၆ရက် ညနေ ၆ နာရီတွင် မြောက်ဦးရှိ လေးမျက်နှာပုထိုး၌ပြုလုပ်ကြမည်ဟု MYUAမှ မချစ်မြတ်သူကနိရဥ္စရာသို့ ပြောသည်။

၅၉၂နှစ်မြောက်မွေးနေ့အဖြစ် ဒီအတိုင်းလုပ်မှာပါ။ ဆီမီးထွန်းကြမယ်။ နောက်ပြီး ကဗျာလည်းရွတ်ကြမယ်ဟုပြောသည်။

ဆီမီးပူဇော်ရန်အတွက်အတူတူပါဝင်ဆင်နွှဲရန် MYUA ကမြို့သူမြို့သားများကို ဖိတ်ခေါ်ထားပြီး သတ်မှတ်ထားသည့်နေရာသို့မလာရောက်နိုင်သူများအနေဖြင့်နီးစပ်ရာ ဘုရားများတွင် ဆီမီးထွန်း ပူဇော်နိုင်သည်ဟုလည်းဆိုထားသည်။

ယခုကဲ့သို့မြောက်ဦးမြို့တည်အထိမ်းအမှတ်အခမ်းအနားကို သတိတ၇ဖြင့် ပူးပေါင်း ပါဝင် ကျင်းပခြင်းသည်အလွန်ဂုဏ်ယူဝမ်းမြောက်စရာကောင်းပြီး မြောက်ဦးကိုတန်ဖိုးထားခြင်းသည်ရခိုင်လူမျိုးကိုတန်ဖိုးထားခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းသုတေသီ ဆရာသူမြတ်(မဟာအောင်မြေ)က နိရဥ္စရာကိုပြောသည်။

ကျနော်တို့ရဲ့ အဓိကနောက်ဆုံးမြို့တော်ဖြစ်ခဲ့တဲ့ မင်းနေပြည်တော် မြို့မြောက်ဦးရဲ့ ဘယ်နေရာကိုပင် ရောက်ရောက် ရခိုင်သူ၊၇ခိုင်သားတွေအနေနဲ့ ပူးပေါင်းပါဝင်သင့်ပါတယ်။ နောက်ပြီးတော့ ယူနက်စကိုဝင်ဖို့ကိစ္စမှာလည်း ပူးပေါင်းပါဝင်သင့်တယ်။ ကိုယ်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်း အမွေအနှစ်တွေကို တန်ဖိုးထားခြင်းတွေ၊အသိအမှတ်ပြုခြင်းတွေကိုလည်း ဒီထက် အလေးထားပြီးော့ထိန်းသိမ်းနိုင်ကြပါစေလို့ ပြောချင်ပါတယ်ဟု ပြောသည်။

လာမည့် ၈ နှစ် ခရစ်သက္ကရာဇ်၂၀၃၀ တွင် ဆိုလျှင်မြောက်ဦးမြို့ကိုတည်ခဲ့သည်မှာ နှစ်ပေါင်း ၆၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး  နှစ် (၆၀၀) ပြည့်အထိမ်းအမှတ်အခမ်းအနားပွဲကိုလည်း မြို့သူမြို့သားများအနေဖြင့်  စည်ကား သိုက်မြိုက်စွာကျင်းပရန် ရည်ရွယ်ထားကြသည်ဟုလည်း သိ၇သည်။

မြောက်ဦးမင်းနေပြည်တော်သည် ရခိုင်ဘုရင်မဟာသမ္မတရာဇာမင်းလက်ထက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် ဗမာဘုရင် ဘိုးတော်ဘုရား၏ ဝင်ရောက်ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခံ၇ပြီးနောက်ရခိုင်ဘုရင်နိုင်တော်ကျရှူံးခဲ့၇သည်။

လက်ရှိတွင်မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO)ဝင်နိုင်ရေး အစိုးရကဆောင်ရွက်လျက်ရှိရာ UNESCO စာရင်းဝင်းနိုင်ရေးအဆိုပြုလွှာမူချောကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကတင်သွင်းခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက် ကွင်းဆင်း လေ့လာကြတော့မည်ဟုသိ၇သည်။
ဓာတ်ပုံ - MYUA

#ရှေးဟောင်းယဉ်ကျေးမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.