Preview

တိုက်ပွဲဖြစ်ပွားနေသည့်မောင်တောမြောက်ပိုင်းကျေးရွာနှစ်ရွာမှ ဒေသခံ ၁၀ဦးကို စစ်ကောင်စီတပ်ကလူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

သြဂုတ် ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :10242
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၂၇/၂၀၂၂

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာနှင့်မင်းခမောင်းကျေးရွာမှ မြိုတိုင်းရင်းသားများ အပါအဝင်လူ (၁၀) ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ယမန်နေ့ ညအချိန်က ဖမ်းဆီးခါ်ယူသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံ၇သူမှာ ၁၀ ဦးရှိပြီး ထိုအထဲက ၃ ဦးမှာ အသက်လုထွက်ပြေးလွတ်မြောက်လာကြောင်း ထွက်ပြေးလာသူ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံ၇ပြီးနောက် လူသားဒိုင်းကာအဖြစ် စစ်ကြောင်းနှင့် အတူ လိုက်ပါသွား၇သည့်  ရွာသား ၁၀ ဦးမှာ မင်းခမောင်းကျေးရွာမှဦးလှမောင်သာ(၅၇)၊ ဦးသိန်းလှအောင်(၅၀)၊ ဦးနံသာအောင်(၇၁)၊ ဦးမောင်ခင်လှ (၄၀)နှင့်  ခမောင်းဆိပ်ကျေးရွာမှဦးအောင်သာချေ(၅၇)၊ ဦးကိုဖြိုး(၃၅) နှင့် အသက်(၂၈ )နှစ်အရွယ် နောက်ထပ်ကျေးရွားသားတစ်ဦးတို့ ဖြစ်သည်။

၎င်းတို့ ၇ ဦးအထဲတွင် ၅ ဦးမှာ မြိုတိုင်းရင်းသားများဖြစ်ကြပြီးဦးကိုဖြိုး(၃၅) နှင့် အသက်(၂၈ )နှစ်အရွယ် နောက်ထပ်ကျေးရွားသားတစ်ဦးတို့မှာ ဗမာတိုင်းရင်းသားများဖြစ်ကြသည်ဟုသိ၇သည်။

ထွက်ပြေးလွတ်မြောက်လာကြသည့် ရွာသား၃ ဦးမှာ ဦးအောင်သန်း(၄၈)၊ ဦးဘကျော်(၃၅) နှင့် ဦဟိန်းထွန်းအောင်(၃၁)တို့ (၃) ဦးတို့ ဖြစ်ကြသည်။  

"ညက ရွာသားဆယ်ယောက်ခေါ်သွားတာပါ။  ၃ယောက်ကို ရှေ့ဆုံးက သွားခိုင်းပြီး ကျန် ခုနှစ်ယောက်ကို စစ်သားတွေရဲ့ကြားက ကြားညှပ်ပြီး သွားခိုင်းပါတယ်။ လမ်းတစ်လျှောက်ကအပင်တွေ/တောတွေကို သေနတ်တောက်လျှောက် ပစ်ပြီးသွားကြတာပါ။ ရှေ့ဆုံးကနေတဲ့ ၃ ယောက် ကျွန်တော်တို့ကတော့ လမ်းတစ်ဝတ်မှာ ထွက်ပြေးလို့ လွတ်လာပေမယ့် ကျန်တဲ့ ရ ယောက်ကတော့ အခုထိသတင်းအစအနမသိ၇သေးပါဘူး"ဟု ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ယမန်နေ့ သြဂုတ်လ (၂၆) ရက်နေ့ ည(၈) နာရီကျော်တွင် စစ်သား(၃၅)ဦးခန့်ပါဝင်သည့် စစ်ကြောင်း တစ်ခုသည် တိုက်ပွဲဖြစ်နေသည့် နေရာကိုစစ်ကူသွားရာတွင် ၎င်းဒေသခံ ၁၀ ဦးကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆွဲခေါ်ဆောင်သွားခြင်းဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားနေသည့် အချိန်ဖမ်းဆီးခေါ်ဆောင်ခံ၇သည့် ဒေသခံ (ရ) ဦးမှာ ယခုအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက်မိသားစုဝင်များနှင့် ကျေးရွာသားများအထူး စိုးရိမ်ပူနေကြသည်ဟုပြောဆိုသည်။

တောထဲတွင်တိမ်းရှောင်နေရသည့် ခမောင်းဆိပ်ကျေးရွာသားတစ်ဦးကလည်း ကျန်နေသူရ ဦးအတွက် အသက်အန္တရာယ် စိုးရိမ်၇သည်ဟု ပြောသည်။

" ဒီလောက် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာလူဆယ်ယောက်ကိုဖမ်းခေါ်သွားတာမှာ သုံးယောက်ဘဲ ထွက်ပြေးလာပါတယ်။ ခုနှစ်ယောက်ကတော့ အခုချိန်ထိ ပြန်မရောက်သေးပါဘူး။ မိသားစုတွေရော ရွာသားတွေရော စိတ်ပူနေကြပါတယ်။ ကျန်တဲ့ရွာသားတွေကတော့ရွာကိုမပြန်ရဲလို့ တောထဲမှာဘဲ နေ၇တယ်။ ထွက်ပြေးလာတဲ့လူတွေအတွက်ကလည်း တိုက်ပွဲကြားမှာဆိုတော့အသက်အန္တရာယ်စိုးရိမ်ရသလို စားရေးသောက်ရေးကလည်း အခက်အခဲရှိနေပါတယ်"ဟုပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်းမှ စစ်ရေးအရေးပါသည့် ခမောင်းဆိပ်ဗျူဟာကို  ယမန်နေ့ သြဂုတ်၂၆ ရက်နေ့ နေ့လယ် ၂နာရီခွဲမှစတင်ကာ အေအေက တိုက်ခိုက်နေပြီး  ည ၈ နာရီခွဲ အချိန်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိ၇သည်။

၆ နာရီကြာနှစ်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက်ယနေ့နံက် ညဉ့် ၂ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲပြန်လည် ပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိမှာ တိုက်ပွဲကြောင့် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်းကျေးရွာမှဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိ၇သည်။

လက်ရှိမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြောက်ပိုင်း၊မြန်မာ-အိန္ဒိယနယ်စပ် ၊ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး၇သေ့တောင်မြို့နယ်တွင်လည်း စစ်ရေးတင်မားနေကာ ယခင်တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိဖူးသည့်ရခိုင်တောင်ပိုင်း တောင်ကုတ်နှင့် သံတွဲမြို့နယ်ဘက်သို့အထိ တိုက်ပွဲကျယ်ပြန့်လာသည်ကိုတွေ့၇သည်။(NN-7)

(ဓာတ်ပုံ- တိုက်ပွဲကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် ခမောင်းဆိပ် ကျေးရွာသားများကိုတွေ့၇စဉ်)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.