ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကြိမ်ချောင်းနယ်ခြားစောင့်တပ်ကဖြတ်သန်းခွင့်မပြု၍ တိုက်ပွဲဖြစ်နေသည့်မောင်တောမြောက်ပိုင်းကပြန်လာသည့်ဆရာဆရာမများပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊ ဩဂုတ် ၂၇/၂၀၂၂

တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ၍ မောင်တောမြို့နယ်မြောက်ပိုင်းကနေ မောင်တောမြို့ကို ပြန်လာကြသည့် ဆရာဆရာမများကို ကြိမ်ချောင်းနယ်ခြားစောင့်တပ်က ဖြတ်သန်း သွားလာခွင့်မပြုသဖြင့် ကျေးရွာတစ်ခုတွင် ပိတ်မိနေသည်ဟု သတင်းရရှိသည်။

ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်က လုံးဝဖြတ်သန့်ခွင့်မပြုဘူး။  ပညာရေးဝန်ထမ်းတွေ အခု လောလောဆယ် ပိတ်မိနေတယ်။ အခု ဖြတ်သန်းခွင့်မရတော့ ရန်အောင်ပြင်ရွာမှာ ပိတ်မိနေကြတယ်ဟု ဆရာတစ်ဦးက ပြောကြားသည်။

ဆရာ ဆရာမများအထဲတွင် လစာထုတ်ရန် ဆရာ ဆရာမများပါဝင်သလို တချို့မှာ ကျောင်းပိတ်ရက်ကြောင့် မောင်တောသို့ ပြန်ကြသူများလည်း ပါဝင်သည်ဟုဆိုသည်။

ဒီနေ့ လုံးဝဖြတ်သွားခွင့်မပြုဘူး။ အရင်ကဆိုရင် ဝန်ထမ်းတွေဘာတွေဆိုရင် ဝန်ထမ်းကဒ်ပြပြီ အကျိုး အကြောင်းပြောပြရင် သွားခွင့်ပြုတယ်။ ဒီနေ့လုံးဝမရဘူး။ မြို့နယ်ပညာရေးမှူးက ဖုန်းဆက် အကြောင်းကြားတာတောင် မရဖြစ်နေတယ်ဟု ပြောသည်။

လက်ရှိအချိန်တွင် ကားဖြင့်ဖြစ်စေ၊ မော်တော်ဆိုင်ကယ် ဖြစ်စေ၊ လူကိုယ်တိုင် ခြေကျင်လျှောက်၍ ဖြစ်စေ မည်သူ့ကိုမှ ဖြတ်သန်းခွင့် မပြုဘဲ တားမြစ်ထားသည်ဟု နောက်ထပ် ဆရာတစ်ဦးကလည်း ပြောဆိုသည်။

အခုက မောင်တောမြောက်ပိုင်းကလာတဲ့ ဆိုင်ကယ်ရော ကုန်းကြောင်းလာသူရော လုံးဝ ဖြတ်ခွင့်မရှိဘူးဆိုပြီးတားမြစ်ထားတယ် ကျွန်တော်တို့က နိုင်ငံတွေဝန်ထမ်းတွေ ပြောတာတောင် မရဘူး။  ကြိမ်ချောင်းမြောက်ပိုင်းတခုလုံးက ဆရာ၊ဆရာမတွေ အခက်အခဲပါ။ အခုက လကုန်ရက်လည်း နီးလာလို့ လစာထုတ်ဖို့သွားတဲ့လူရှိတယ်။ တချို့လည်း ရုံးကိစ္စနဲ့ မဖြစ်မနေ သွားရတဲ့ သူလည်းပါတယ်။ အားလုံးအခက်အခဲဖြစ်နေကြရပြီဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိတ်မိနေသည့် ဆရာ ဆရာမ အရေအတွက်ကို မေးမြန်းရာ ကျောင်းဆရာတစ်ဦးက အရေအတွက်ကို ပြောဆိုရန် အဆင်မပြေကြောင်း၊ ကျောင်းဆရာဆရာမ အများအပြားဖြစ်နေကြောင်း ပြောကြားသည်။

 မောင်တောမြောက်ပိုင်း ကြိမ်ချောင်းအလွန်မှာက ကျောင်းတွေ အများကြီးဘဲ။ မင်ခမောင်း၊ ခမောင်းဆိပ်၊ အောင်သပြေ၊ ဝေလာတောင်၊ ဟိုအထက်ဘက်ဆိုလည်းကျောင်းတွေ အများကြီးဘဲ။ ဒုံးချောင်း၊ တပ်ချောင်း၊ တောင်လုံး၊ ရွာတွေ အများ အများကျန်ပါသေးတယ်။ ဆိုင်ကယ်ရှိတဲ့ ဆရာတွေကတော့ ထွက်လာနိုင်တယ်။ ဆိုင်ကယ်ဆိုတာကလည်း ၂ ယောက်တည်းဘဲ ဆံ့တော့ ဆရာ ဆရာမတွေ အများကြီးကျန်နေပါသေးတယ်။ရွာတွေမှာ ပိတ်ပြီးတော့။ အထက်မှာက နယ်မြ(၁) ၊ နယ်မြေ(၂) ရှိပြီး ထခွဲတွေ၊ အထကတွေလည်း ရှိပါတယ်  ဟု ပြောကြားသည်။

နယ်ခြားစောင့်စခန်း ကြိမ်ချောင်းဂိတ်မှ ဆရာဆရာမများကို ဖြတ်သန်းခွင့်မပြုသည့်အတွက် အချိန်မရွေး အန္တရာယ်များ ကျရောက်နိုင်သဖြင့် အထက်လူကြီးများအနေဖြင့် နိုင်ငံဝန်ထမ်း ဆရာ ဆရာမများ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို အမြန် ဖြေရှင်းပေးသင့်သည်ဟု ဆရာဆရာမများက ပြောဆိုသည်။  

ကြိမ်ချောင်းစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်မှ ပိတ်ထားသည်မှာ တစ်လနီးပါး ကြာနေဖြစ်သော်လည်း ယခင်ကဆိုလျှင် အစိုးရဝန်ထမ်းများကိုသာမကအရပ်သားများကိုပါ စစ်ဆေးပြီး ဆိုင်ကယ်အပါအဝင် သွားလာခွင့်ပြုခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ