နိရဉ္စရာ၊သြဂုတ် ၂၇/၂၀၂၂
၇ခိုင်မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့်မြောက်ဦးမြို့တည် ၅၉၂နှစ်ပြည့်အထိမ်းအမှတ်နေ့ အခမ်းအနားကိုမြောက်ဦးဒေသခံတို့ ဆီမီးထွန်းပူဇော်ကာ ယမန်နေ့ ညနေက ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
ရခိုင်ဘုရင်မင်းစောမွန်က မြောက်ဦးကို ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်၊ တော်သလင်းလဆန်း၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး မြို့သက်တမ်းမှာ မနေ့က၅၉၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ရခိုင်ဘုရင်တို့ နန်းစိုက်ခဲ့ရာ မြောက်ဦးသည် နန်းသက်နှစ်ပေါင်း(၃၅၄) နှစ်ထိ ရှည်ကြာခဲ့သော မြို့တော်ဖြစ်ပြီး အာရှတွင် နန်းသက်အရှည်ကြာဆုံးမြို့တော်များအထဲမှတစ်ခုဖြစ်ခဲ့သည်။
ရခိုင်ဘုရင်တို့အုပ်ချုပ်ခဲ့သည့် နန်းသက် (၃၅၄)နှစ်နှင့်၁၇၈၄ ခုနှစ် မြောက်ဦးကျဆုံးချိန်မှစ၍ ယနေ့အချိန်ထိ (၂၃၈) နှစ်၊ စုစုပေါင်း မြောက်ဦးမြို့တည်သက်တမ်းမှာ(၅၉၂) နှစ်ရှိခဲ့ပြီဖြစ်သည်။၊
ယမန်နေ့က မြောက်ဦးသက်တမ်း ၅၉၂ပြည့်နေ့တွင် မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)က ဦးဆောင်ကာ ဆီမီးထွန်းပူဇော်ပွဲကို လေးမျက်နှာပုထိုး၌ပြုလုပ်ကြခဲ့သည်။
၎င်းပြင် မြောက်ဦး ၅၉၂နှစ်မြောက်မွေးနေ့အဖြစ် ကဗျာများလည်းရွတ်ခဲ့ကြသည်ဟု သိ၇သည်။
ဆီမီးပူဇော်ရာတွင်MUYAအဖွဲ့မှဦးဆောင်၍အခြားအဖွဲ့အစည်းများအပါအဝင် ဒေသခံ ၅၀ ခန့်လည်း အတူပါဝင်ဆင်နွှဲခဲ့ကြသည်ဟု ပါဝင်ဆင်နွှဲခဲ့သူများကပြောသည်။
ယခုကဲ့သို့မြောက်ဦးမြို့တည်အထိမ်းအမှတ်အခမ်းအနားကို သတိတရဖြင့် ပူးပေါင်း ပါဝင် ကျင်းပခြင်းသည်အလွန် ဂုဏ်ယူဝမ်းမြောက်စရာကောင်းပြီး မြောက်ဦးကိုတန်ဖိုးထားခြင်းသည် ရခိုင်လူမျိုးကိုတန်ဖိုးထားခြင်းဖြစ်သည်ဟုရခိုင်သမိုင်းသုတေသီ ဆရာ သူမြတ်(မဟာအောင်မြေ)က နိရဉ္စရာကိုပြောထားသည်။
လာမည့်၈ နှစ် ခရစ်သက္ကရာဇ် ၂၀၃၀ တွင် ဆိုလျှင် မြောက်ဦးမြို့ကို တည်ခဲ့သည်မှာ နှစ်ပေါင်း၆၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ် (၆၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားပွဲကိုလည်း မြို့သူ မြို့သားများအနေဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပရန် ရည်ရွယ်ထားကြသည်ဟုလည်းသိ၇သည်။
မြောက်ဦးမင်းနေပြည်တော်သည်ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၌ ဗမာဘုရင် ဘိုးတော်ဘုရား၏ဝင်ရောက်ကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ရခိုင်ဘုရင်နိုင်တော်သည် ထီးကျိုးစည်ပေါက်မင်းဆက်ပျောက်ကာ အချုပ်အခြာအာဏာ ကျဆုံးခဲ့၇သည်။
လက်ရှိတွင်မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO)ဝင်နိုင်ရေး အစိုးရက ဆောင်ရွက်လျက်ရှိရာUNESCO စာရင်းဝင်းနိုင်ရေးအဆိုပြုလွှာမူချောကို၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကတင်သွင်းခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက္စကိုမွ ပညာရှင်များကလာရောက် ကွင်းဆင်း လေ့လာကြတော့မည်ဟု သိ၇သည်။
ဓာတ်ပုံ-Chit Mrat Thu and Oo Min Swe