နိရဉ္စရာ၊သြဂုတ် ၂၇/၂၀၂၂
မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးဖြင့် ယနေ့ညနေက လာရောက်ပစ်ခတ်ခဲ့သည်ဟု သိ၇သည်။
"အခုနားက ခမောင်းဆိပ်မှာ ၇ဟတ်ယာဉ်နဲ့ ၀ဲပြီးတော့ပစ်နေတယ်။ ၇ဟတ်ယာဉ်နှစ်စီးပါ။အခုတော့ ပြန်သွားကြပါပြီ။ တိုက်ပွဲဖြစ်တဲ့နေရာကိုပစ်တာပါ။ခမောင်းဆိပ်ကပြည်သူတွေကတော့ အနီးအနားက မင်းခမောင်းကျေးရွာမှာ လာပြီးတော့ ခိုလှုံနေကြတယ်"ဟု မျက်မြင် အနီးအနားရှိ ကျေးရွာသား တစ်ဦးက ပြောသည်။
လာရောက်တိုက်ခိုက်သည့် အချိန်မှာညနေ ၄ နာရီကျော်ခန့်ဖြစ်ပြီး ပစ်ခတ်သည့် အချိန်တွင် တိုက်ပွဲလည်း ဖြစ်ပွားနေခြင်းမရှိကြောင်း၊ ခမောင်းဆိပ်ကျေးရွာအနီးတဝိုက်ကို အဓိကထား ပစ်ခတ်သွားခဲ့သည်ဟု ပြောသည်။
“ တိုက်ခိုက်ရေး၇ဟတ်ယာဉ်၂ စီးနဲ့ လာပစ်တာပါ။ ၄ နာရီ ၆ မိနစ်ကနေ ၄ နာရီ ၂၆ မိနစ်အထိ မိနစ် ၂၀ ကြာပါတယ်။ ရဟတ်ယာဉ် လာချိန်မှာ တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ တိုက်ပွဲဖြစ်တဲ့အနီးအနား ဝန်းကျင်ကိုပစ်ခဲ့တာပါ။ လေယာဉ်လာပစ်ချိန်မှာ ဖုန်းလိုင်းတွေလည်း ပြတ်သွားတယ်” ဟု ၎င်းက ပြောသည်။
ခမောင်းဆိပ်ဗျူဟာတွင် နယ်ခြားစောင့်များတပ်စွဲထားသည့် စခန်းနှင့်စစ်သားများတပ်စွဲထားသည့် စခန်း ၂ ခုရှိပြီး နယ်ခြားစောင့်တပ် တပ်စွဲထားသည့် စခန်းကုန်းကိုအေအေတို့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်သားများတပ်စွဲထားသည့် စခန်းကိုအေအေက ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် ၇ဟတ်ယာဉ်ဖြင့် လာပစ်ခြင်းဖြစ်ကြောင်း အေအေနှင့်နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင်အဆိုပါစစ်လေယာဉ်နှစ်စီးနှင့် လာရောက်ပစ်ခတ်မှုကြောင့် အထိအခိုက် ရှိမရှိကို မသိ၇သေးကြောင်း ၎င်းက ပြောသည်။ ရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်သွားပြီးနောက်၅ မိနစ် အကြာမှ ဖုန်းလိုင်းများကို ပြန်လည် ဆက်သွယ်၍ ၇ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
နောက်ထပ်ရွာသားတစ်ဦးကလည်း""ခမောင်းဆိပ်ဘက်မှာ စစ်တပ်က အထိအခိုက်များလို့ စစ်တွေဘက်က လေယာဉ် ၂ စီးနဲ့လာပစ်ကူတာကို တွေ့၇ပါတယ်။ မိနစ်နှစ်ဆယ်လောက်ပျံဝဲပစ်ခတ်ပြီးပြန်သွားပါတယ်" ဟုပြောသည်။
လက်ရှိတွင်အဆိုပါခမောင်းဆိပ်ကျေးရွာရှိ ရာနှင့်ချီရှိသော ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိ၇သည်။